စည်းမျဉ်းသစ်ကြောင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲသို့ တက်နိုင်ခဲ့သည့် မြန်မာ ဘောလုံးအသင်း

605

(NPNews) ဇွန် - ၁၆
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်သည့် အသင်းများအတွက် ခြေစစ်ပွဲပုံစံပြောင်းလဲမှုကို ယနေ့ (ဇွန်လ ၁၆ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာအသင်းသည် မူလပုံစံအရ Play-off အဆင့်မှစတင် ကစားရမည် ဖြစ်သော်လည်း ယခုပုံစံသစ်ကြောင့် ယင်းပွဲစဉ်ကစားရန်မလိုဘဲ တတိယအဆင့်ခြေစစ်ပွဲသို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့်အသင်းများမှာ အုပ်စု ဒုတိယရ အဆင့်အနိမ့်ဆုံး (၃) သင်းဖြစ်သည့် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကူဝိတ်၊ အုပ်စုတတိယရ (၈)သင်းဖြစ်သည့် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကာဂျစ္စတန်၊ အိန္ဒိိယ၊ အုပ်စု စတုတ္ထရ (၈)သင်းဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ နီပေါ၊ အုပ်စုနောက်ဆုံးနေရာရ အကောင်းဆုံး (၃)သင်းဖြစ်သည့် မြန်မာ၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ် တို့ဖြစ်သည်။
အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတက်ရောက်ရန် Play-off အဆင့်ခြေစစ်ပွဲ ကစားရမည့် အသင်း(၄)သင်းမှာ အုပ်စုနောက်ဆုံးနေရာရ အဆင့်အနိမ့်ဆုံး (၄) သင်းဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်တိုင်ပေ၊ ဂူအမ် တို့ဖြစ်သည်။
Play-off ခြေစစ်ပွဲများကို စက်တင်ဘာလ (၇) နှင့် အောက်တိုဘာလ (၂၁) ရက်များတွင် နှစ်ကျော့ကစားမည်ဖြစ်ပြီး ပွဲစဉ်ရေးဆွဲမှုကို လာမည့် ဇွန်လ (၂၄) ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။