ကမ္ဘာ့သိမ်းမယ့် တရုတ်

 1162

မျိုးမင်း(မကျည်းလဟာ)

တရုတ်နိုင်ငံက ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြိုးစားနေပါပြီ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က တရုတ်ဟာ ထမင်း နပ်မှန်ရေးကိုတောင် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်လို့တစ်ဆင့်ပြန်ကြားရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ တရုတ်နိုင်ငံသားတွေဟာ ကြွယ်ဝချမ်းသာမှု အသီးအပွင့်ကို ရရှိခံစားနေကြရပါပြီ။ ဒီလိုဖြစ်လာအောင် နှစ်ပေါင်း ၅၀ အတွင်း သူတို့ဘာတွေလုပ်ခဲ့ကြပါသလဲ။

ထိပ်ဆုံးက ဦးဆောင်နေတဲ့ တရုတ်

တရုတ်နိုင်ငံဟာ ၁၉၇၈ ခုနှစ်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့ပါတယ်။ အဲဒီကနေ စတင်ရေတွက်ရင် နှစ်ပေါင်း ၃၈ နှစ် အတွင်းမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံးစီးပွားရေး တိုးတက်တဲ့ နိုင်ငံအဖြစ်ကို အသွင်ပြောင်းနိုင်ခဲ့ပြီးတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး GDP ကို ပိုင်ဆိုင်လာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးသော ဝယ်ယူသုံးစွဲနိုင်အား ဖြစ်တဲ့ PPP ( Purchasing Power Parity) ကိုလည်း ပိုင်ဆိုင်ထားသလို ကမ္ဘာ့သွင်းကုန်ထုတ်ကုန်အများဆုံးနိုင်ငံတစ်နိုင်ငံ အဖြစ်ကို အသွင်ပြောင်းနိုင်ခဲ့ပါပြီ။ ဒီနေရာမှာ တရုတ်က လူဦးရေသန်း ၁၃၈၀ ကျော် ရှိလို့ဆိုပြီးပြောကောင်းပြောလာနိုင်ပါတယ်။ တစ်ချို့တစ်ဝက်တော့ မှန်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက သူတို့နဲ့အနီးကပ်ဆုံး အိန္ဒိယ ဆိုရင် ကမ္ဘာ့အများဆုံး ဖြစ်မလာသေးပါဘူး။ တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေပုံမှာ မြင်ရတဲ့အတိုင်းကျယ်ပြန့်တဲ့ ပိုင်ဆိုင်မှုကို ဟန်ချက်ညီညီ ထိန်းချုပ်ထားရင်းနဲ့ကမ္ဘာ့အများဆုံးသော လူဦးရေကို တည်တည်ငြိမ်ငြိမ်ကိုင်တွယ်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး သုံးနိုင်ငံစာရင်းမှာတော့ ထူးထူးခြားခြားပဲ တရုတ်နိုင်ငံက ထိပ်ဆုံးကနေ ဦးဆောင်နေပြီးတော့ အိန္ဒိယက ဒုတိယနေရာမှာ ရှိပါတယ်။ တတိယနေရာမှာတော့ ကမ္ဘာ့စူပါပါဝါရှင်လို့သတ်မှတ်ခံထားရတဲ့ အမေရိကန်က လူဦးရေသန်း ၃၀၀ ကျော်နဲ့ရပ်တည်နေပါတယ်။ ကမ္ဘာ့လူဦးရေဟာ ၂၀၃၀ မှာ ၈ ဒသမ ၅ ဘီလျံ( သန်း ၈၅၀၀) ကျော်မှာရှိနေပြီးတော့ ၂၀၄၀ မှာတော့ ၉ ဒသမ ၇ ဘီလျံ( သန်း ၉၇၀၀) ကျော်ဖြစ်သွားနိုင်ပါတယ်လို့ခန့်မှန်းချက်တွေအရ သိရပါတယ်။ ဘာကြောင့် တရုတ်က ကမ္ဘာသိမ်းမယ်လို့ပြောပြီးမှ လူဦးရေအကြောင်း ပြောနေသလဲဆိုတာကို ဒီနေရာကနေ စပြီး ရှင်းပြပါတော့မယ်။

ဘာကြောင့် ဒီကနေ့တရုတ်ဖြစ်လာသလဲ

ဒီကနေ့တရုတ်နိုင်ငံဖြစ်လာစေဖို့အတွက် တရုတ်တို့ရဲ့ဖခင်ကြီး မော်က လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက စတင်ပြီးတော့ အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ သူဆွဲခဲ့တဲ့ အနာဂတ်မူဝါဒတွေထဲက အောင်မြင်တဲ့ တစ်ခုကို ပြပါဆိုရင် တရုတ်တို့အမြဲလိုလို ဂုဏ်ယူစွာနဲ့ပြသပြောကြားလေ့ရှိတဲ့ Three Gorges ရေကာတာကြီးပါပဲ။ ” လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက ဒီစီမံကိန်းကြီး အကောင်အထည်ပေါ်လာဖို့ကြိုးပမ်းခဲ့ဖူးတယ်။ ပြည်တွင်းစစ်တွေကြောင့် ချက်ခြင်း အကောင်အထည်မပေါ်ခဲ့တာပါ။ ဒီရေကာတာစီမံကိန်းကြီးက တရုတ်နိုင်ငံရဲ့စီးပွားရေးကို ပြောင်းပြန်လှန်
ပြီး အမြင့်ဆုံးကို တက်သွားစေတဲ့အထဲက အဓိက တစ်ခုပါပဲ ” လို့Three Gorges ရဲ့တာဝန်ရှိသူတွေက ရှင်းပြပါတယ်။ အခြား တစ်ဖက်မှာ နားလည်လိုက်တာကတော့ ဒီလိုဖြစ်လာဖို့လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက ပြင်ဆင်ခဲ့တယ်။ ဒီဘက် ၂၁ ရာစု ရောက်မှ ဝင့်ကြွားနိုင်ခဲ့တယ်ဆိုတာပါပဲ။ တရုတ်နိုင်ငံသားတွေဟာလည်း ဥက္ကဋ္ဌကြီး မော် ထားခဲ့တဲ့ မူဝါဒတွေကို ဒီကနေ့အထိ သက်ဝင်ယုံကြည်စွာနဲ့လျှောက်လှမ်းနေတယ်လို့ဆိုကြပါတယ်။ ဝူဟန်မြို့က အရာရှိတစ်ဦးနဲ့ဥက္ကဋ္ဌမော်အကြောင်း စကားစမြည် ပြောဖြစ်ခဲ့ချိန်မှာ ဥက္ကဋ္ဌမော်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို သူတို့လုံး၀ သက်ဝင်ယုံကြည်ခဲ့တယ်။ ခုထိလည်းယုံကြည်နေဆဲပဲ ဆိုတာ သိလိုက်ရတယ်။ အကယ်၍များ ယဉ်ကျေးမှုတော်လှန်ရေးက တရုတ်ပြည်ကို မြေလှန်ပစ်တဲ့အထိ ကျရှုံးစေခဲ့မယ်ဆိုရင် ဥက္ကဋ္ဌမော်ကို ဘယ်လိုမြင်မိဦးမှာလဲဆိုတော့ အခု အောင်မြင်နေတဲ့အတွက် မှားယွင်းတဲ့ လုပ်ငန်းစဉ်မဖြစ်ခဲ့ဘူးလေလို့သူ့ဘက်က တုန့်ပြန်မှုဟာ စဉ်းစားစရာတွေအများကြီး ပေးလာခဲ့ပါတယ်။ တရုတ်နိုင်ငံ တိုးတက်ဖို့အတွက် ဦးစားပေးအဖြစ် သူတို့လုပ်ခဲ့ကြတာက ကျယ်ပြန့်တဲ့ မြေပြင်တစ်လွှားမှာ တစ်နေရာနဲ့ တစ်နေရာ အမြန်ဆုံးဆက်သွယ်သွားလာနိုင်မယ့် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာ လမ်းမကြီးတွေကို မနားမနေဖောက်လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ငွေကို ဘယ်က ရသလဲဆိုတာတွေ မေးကောင်းမေးလာနိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို အလုံးအရင်းနဲ့ဝင်ခွင့်ပေးခဲ့ပြီးတော့ ချေးငွေကိုလည်း အစိုးရက အာမခံ အားပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်မီးကိုလည်း ရေကာတာ စီမံကိန်းတွေကနေ တစ်ဆင့် ထုတ်ယူခဲ့ကြပါတယ်။ နည်းပညာနဲ့ဆက်သွယ်ရေးကွန်ရက်တွေကို ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့အတွက် ပြည်ပရောက်တရုတ်တွေကို ပြန်လာစေခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေဟာသူတို့နိုင်ငံရဲ့အနာဂတ်ကလေးငယ်တွေ ခရောင်းလမ်းမှာ လျှောက်ခွင့်ရဖို့အတွက် သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကိုမေ့ပြီးတော့ ဆူးခင်းလမ်းပေါ်ကနေ အနစ်နာခံပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီနေရာမှာ မှတ်သားစရာ တစ်ခုကို ထည့်သွင်းပြောကြားလိုတာက ဒီနှစ်ထဲမှာပဲ CCTV ကပြခဲ့တဲ့ မှတ်တမ်းဗီဒီယိုတစ်ခုမှာ အသက် ၈၀ ကျော် အဖိုးအဖွားစုံတွဲတစ်တွဲရဲ့အနစ်နာခံခဲ့ရမှု ဘဝအကြောင်းလေးပါ။ အဲဒီအဖိုးနဲ့အဖွားဟာ အိမ်ထောင်ကျလို့အသက် ၈၀ ကျော်လာသည်အထိ သူတို့ဘာအလုပ်တွေ လုပ်ခဲ့ပြီးတော့ ဘယ်အဆင့်နဲ့ဘာတွေစွမ်းဆောင်ပေးခဲ့တယ်ဆိုတာကို လင်မယားချင်းတောင်မသိစေဘဲ တရုတ်နိုင်ငံအတွက် ပေးဆပ်ခဲ့ကြတာပါ။ ဒီကနေ့အာကာသကို တရုတ်တွေ ဥဒဟို သွားလာနိုင်ကြစေဖို့သူတို့စုံတွဲက ဌာနနှစ်ခုမှာ အဓိကသုတေသနပြု တီထွင်ပေးသူတွေအဖြစ်ရှိခဲ့ကြတာပါ။ ဒီအကြောင်းကို CCTV က တစ်ဦးချင်း လုပ်ငန်းတွေအကြောင်း ပြန်မေးရင်းနဲ့မှ သူတို့အချင်းချင်း မသိကြဘဲ ဌာနချင်းပဲသိတဲ့ အနေအထားကနေ ဆက်သွယ်ဆောင်ရွက်ခဲ့ကြမှန်း သိလိုက်ရတဲ့အထိပါပဲ။ ဒီလိုပေးဆပ်ပြီး တရုတ်တွေ ဒီကနေ့ကမ္ဘာ့အဆင့် (၂) နေရာကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်ပြင်ဆင်နေတဲ့ ကမ္ဘာသစ်က ဘာလဲ

အမေရိကန်ဟာ ယနေ့အထိ ကမ္ဘာ့ စူပါပါဝါနိုင်ငံပါပဲ။ ဒီလို ဖြစ်လာတာကလည်း ၂၀ ရာစုကနေ စတင်ခဲ့တယ်ပေ့ါ။ ထူးခြားတာက ကမ္ဘာကြီးမှာ ရာစုနှစ်တစ်ခုတိုင်း ထိပ်သီးစူပါပါဝါ နိုင်ငံတွေ ပေါ်ထွက်လာရခြင်းဆိုတာပါပဲ။ ၁၉ ရာစုတုန်းက ထိပ်သီးတွေ ဖြစ်ခဲ့တဲ့ နိုင်ငံတွေဟာ ၂၀ ရာစုမှာ အမေရိကန်ရဲ့ဦးဆောင်မှု နောက်ကို လိုက်ပါနေရပါတယ်။ ယနေ့ကမ္ဘာမှာ ရှင်သန်နေကြသူတွေ အများစုဟာ ၂၀ ရာစုရဲ့အဆက်အနွယ်တွေပါပဲ။ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာကြီးမှာ ကြီးပြင်းလာကြသူတွေဖြစ်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင် နှစ် ၁၀၀ နီးပါး အမေရိကန်ရဲ့ဦးဆောင်မှုကို ငြီးငွေ့စ ပြုလာတဲ့ သူတွေလို့လည်း ပြောရင် မမှားနိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ၁၉ ရာစုက ထိပ်သီးတွေထက် ပိုပြီး ပါးနပ်တဲ့ စူပါ ပါဝါနိုင်ငံဖြစ်တယ်ဆိုတာကို ကမ္ဘာ့ရေးရာသုံးသပ်သူတွေကလည်း မြင်နေကြပါတယ်။ ဆိုလိုချင်တာက သူ ဦးဆောင်နေတဲ့ ကမ္ဘာကြီးမှာ သူ့ကို ယှဉ်ပြိုင်လာနိုင်မယ့် အနာဂတ်လှတဲ့ နိုင်ငံကြီးတစ်ခု ပေါ်ထွက်လာမှာကို မလိုလားပါဘူး။ ဒီအတွက် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တွေ ဖြန့်ကျက်ပြီးတော့ ပိတ်ဆို့တားဆီးရေးပုံစံမျိုးစုံနဲ့ပြသနာ မီးစတွေကို မွှေးလေ့ရှိပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားခဲ့ရတာတွေ၊ ဥရာပမှာ အစ္စလာမ်လှိုင်းလုံးတွေ မြင့်မားခဲ့ခြင်းနဲ့ယူကရိန်း အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ မြန်မာနိုင်ငံက ရခိုင်နဲ့ရှမ်းမြောက်ပိုင်း ပြသနာတွေမှာ အမေရိကန်တို့သွယ်ဝိုက်စွာ ဖြစ်စေ၊ တည့်တည့်ပဲ ဖြစ်စေ ပါဝင်ပတ်သက်နေခဲ့ပါတယ်။ စီးပွားရေး ဘက်မှာလည်း အလားတူပဲ ပိတ်ဆို့တားဆီးမှုတွေလုပ်တာ၊ TPP ခေါ် အမေရိကန်အတွက် မအောင်မြင်တဲ့ Tran-Pacific Pertnership အစီအစဉ်တွေနဲ့ကမ္ဘာကြီးကို အမေရိကန်သာလျှင် ဦးဆောင်ရေးအတွက် ပြင်ဆင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ IS လိုအကြမ်းဖက်အုပ်စုတွေကို မွေးမြူရင်းနဲ့UN မှာပါ OIC လိုအဖွဲ့အစည်းတွေ နေရာရလာအောင် ဖန်တီးခဲ့မှုတွေကြောင့် ကမ္ဘာ့ရေးရာ ခေါင်းဆောင်တွေရဲ့အမြင်မကြည်မှုကို စတင်ခံစားလာရပါတယ်။ အခြားသော အကြောင်းတရားတစ်ခုကတော့ အမေရိကန် CIA ရဲ့စနိုဒင် ကိုယ်တိုင် အမေရိကန်ကို မယုံကြည်တော့ဘဲ ကမ္ဘာကို အုပ်စိုးချင်တဲ့ အမေရိကန်ရဲ့နောက်ကွယ်က လုပ်ကွက်ဇတ်လမ်းဖိုင်တွေကို သယ်ဆောင်ထွက်ပြေးခဲ့တာမျိုးပေ့ါ။အားလုံးခြုံငုံပြောရရင် အမေရိကန်ဟာ ကမ္ဘာ့ခေါင်းဆောင်မှုနေရာကနေ ဖယ်ပေးရနိုင်ခြေရှိတဲ့အထိ ကမ္ဘာလုံးဆိုင်ရာ သြဇာ ကျဆင်းလာနေခဲ့ပါပြီ။ ဒီအခြေအနေကို အမေရိကန်နိုင်ငံသားတွေကိုယ်တိုင် မလိုလားတော့လို့အမေရိကန်တို့ထွားခဲ့တဲ့ လေလုံးဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရ ဆိုတာကို ပစ်ပယ်ပြီးတော့ အမေရိကန် Great Again ကို ဦးစားပေးမယ့် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့အထိ အမေရိကန်တို့ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု နေရာကနေ လျောကျသွားမှာကို သိပ်ကြောက်လာတာ တွေ့ရပါတယ်။ ၂၁ ရာစုမှာတော့ အမေရိကန်ပြီးရင် ဘယ်နိုင်ငံက ကမ္ဘာ့စူပါပါဝါကို လွှဲပြောင်းရယူနိုင်မလဲဆိုတာ ပြေးကြည့်စရာ မလိုဘဲ မြင်မိမှာက တရုတ်နဲ့ရုရှားပါပဲ။ ဥရောပကတော့ သူတို့Brexit နဲ့အတူ အစ္စလာမ်တိုးပွားလာမှုကိုဖြေရှင်းနေရတာနဲ့ပဲ ၁၉ ရာစုက ခေါင်းဆောင်ခဲ့မှုမျိုး ပြန်လာနိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။ ထူးခြားတာက ၁၉ ရာစုမတိုင်ခင် ကာလများကတည်းက ကမ္ဘာ့ရေးရာလို့မပြောနိုင်သေးခင်ကတည်းက
ကမ္ဘာကြီးကို ဥရောပသားတွေက လွှမ်းမိုးခဲ့သလို၊ အာရှတစ်လွှားမှာ တရုတ်တို့ဟာ အင်အားကြီးထွားခဲ့ပါတယ်။ ဒါပေမယ့် ၁၉ ရာစုလောက်မှာတော့ ဥရောပက အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့ဟာ ကမ္ဘာ့ရေးရာကို ဦးဆောင်သူတွေအဖြစ် သူတစ်ပြန်ကိုယ်တစ်ပြန် ဦးဆောင်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ၂၀ ရာစုကို အမေရိကန်တို့ဦးဆောင်ခဲ့ပြီး ၂၁ ရာစုမှာတော့ အမေရိကန်တို့ထိုင်ခုံလှုပ်လာခဲ့ပါတယ်။ အာရှဒေသက ဂျပန်ဟာ အမေရိကန်ကို ၂၀ ရာစုမှာ ထိပ်တိုက်တွေ့ခဲ့ပြီးမှ နာဂါဆာကီ၊ ဟီရိုရှီးမား ကျရှုံးမှုနဲ့အတူ အမေရိကန်ကို အရှုံးပေးလိုက်ရပါတယ်။ တရုတ်နိုင်ငံဟာ ဂျပန်တို့ရယူနိုင်ခဲ့ခြင်း မရှိတဲ့ ကမ္ဘာ့စူပါပါဝါ နေရာကို အာရှဒေသ ကိုယ်စားပြု ရယူနိုင်မှာလား ဆိုတာကတော့ တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားနေပါပြီ။ ဒီနေရာမှာတော့ တရုတ်နိုင်ငံရဲ့ကမ္ဘာ့စူပါပါဝါဖြစ်ရေးရည်မှန်းချက်က ဥက္ကဋ္ဌမော် လက်ထက်ကတည်းက စတင်ခဲ့တယ်လို့ဆိုရမှာပါပဲ။ သူတို့ရဲ့နှစ် ၅၀ အိပ်မက်က အခု အကောင်အထည်ပေါ်ပြီးနေပါပြီ။ နောက်ထပ် နှစ် ၃၀ အိပ်မက်က သူတို့မှာ ရှိနေပြီလို့ဆိုနိုင်ပါတယ်။ ဆိုလိုတာက ၂၀၄၀ ခုနှစ်လောက်မှာ တရုတ်ဟာ ကမ္ဘာ့ စူပါပါဝါနိုင်ငံ ဖြစ်လာရေးဆိုတဲ့ အိပ်မက်မျိုးပါပဲ။

ကမ္ဘာ့မီဒီယာတွေကြားမှာ လက်သည်းဝှက်နေတဲ့ တရုတ်

” One Belt, One Road ဆိုတာက တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ဖို့မဟုတ်ဘူး၊ အတူမျှဝေမယ်၊ အတူတည်ထောင်မယ်။ အတူဆွေးနွေးပြီးတော့ အကုန်လုံးအကျိုးရှိစေဖို့ဆိုတဲ့ အယူအဆနဲ့ထွက်ပေါ်လာတာပါ။ တရုတ်က ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းတစ်ခုကိုပဲ ထူထောင်ပေးလိုက်တာပါ။ တရုတ်က ကမ္ဘာ့ဦးဆောင်သူအဖြစ် ကြိုးစားနိုင်တဲ့အဆင့် မရောက်သေးပါဘူး။ ကမ္ဘာမှာ ခေါင်းဆောင်ဖြစ်ချင်ရင် ပေးဆပ်ရမှာပါ။ တရုတ်က ခေါင်းဆောင်လုပ်ရမယ့်အထိ အဲဒီလောက်အထိ မတောင့်တင်းသေးပါဘူး။ ကမ္ဘာပေါ်မှာ နှစ် ၁၀၀ အတွင်းမှာ မြင်ရခဲတဲ့ ပြောင်းလဲမှုတွေ ထူးထူးခြားခြားဖြစ်ပေါ်နေပါတယ်။ ကမ္ဘာကြီးဟာ ပြသနာပေါင်းစုံနဲ့သူ့အခြမ်းနဲ့သူ ရင်ဆိုင်နေရပါတယ်။ အခုလိုအချိန်မှာ တရုတ်ကို ရှေ့ဆက်တိုးဖို့တိုက်တွန်းတာတွေ ရှိကောင်းရှိမယ်။ တရုတ်က လိုအပ်ရင် လိုအပ်သလို ပံ့ပိုးကူညီပေးတာမျိုးပဲ လုပ်နိုင်မှာပါ ” လို့တရုတ်အကြီးအကဲ တစ်ဦးက ပေကျင်းမှာ ကျွန်တော့်မေးခွန်းကို ဖြေကြားခဲ့တာလေးပါ။ ကမ္ဘာပေါ်မှာ တရုတ်မရှိတဲ့ နိုင်ငံဆိုတာ တော်တော်ရှားပါတယ်။ ရှိတဲ့ နိုင်ငံတိုင်းမှာလည်း တရုတ်တန်းကို ဖြစ်အောင်ဖန်တီးထားနိုင်ကြပါတယ်။ တရုတ်အစိုးရဟာလည်း အမေရိက၊ အာဖရိက အပါအဝင် ကမ္ဘာ့အရေးပါတဲ့ ဒေသတစ်လွှားမှာ စီမံကိန်းများကို ရေဘဝဲလို လက်တံဖြန့်ထားပါတယ်။ အမေရိကန်ဆီမှာတောင် အကြွေးတွေ ရစရာရှိတဲ့အထိ တရုတ်တို့ရဲ့ဓနငွေကြေးနဲ့အင်အားဖြန့်ကျက်မှုက အားကောင်းလာတာကိုတွေ့ရပါတယ်။ ကမ္ဘာကျော်ဘောလုံးလိဂ်တွေဖြစ်တဲ့ ပရီးမီယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေ စတဲ့ ထိပ်သီးလိဂ်တွေက ကစားသမားတွေကို တရုတ်စူပါလိဂ်မှာ လာပြီးကစားအောင်လည်း ငွေကြေးတွေ မတန်တဆပေး ပုံအောပြီး ခေါ်တဲ့အထိ ဘက်ပေါင်းစုံမှာ လက်တန့်ဆန့်ထားတာကိုလည်း သိသိသာသာ မြင်ရပါတယ်။ ဒါပေမယ့် ကမ္ဘာ့မီဒီယာ တွေမေးချင်နေတဲ့ ကမ္ဘာ့ စူပါပါဝါနေရာကို လက်လွှဲယူချင်လို့လား ဆိုတာမျိုးကိုတော့ တရုတ်ခေါင်းဆောင်တွေ ငြင်းလေ့ရှိပါတယ်။ သူတို့ရဲ့လက်သည်းကို မမြင်စေလိုတဲ့ သဘောပါ။ ခက်တာက လက်သည်းဝှက်ထားတာကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက သာမာန်အရပ်သားတစ်ဦးတောင် သတိပြုမိလောက်တဲ့အထိ တရုတ်တို့လောဘကြီးနေတာကို အထင်းသားမြင်နေရပါတယ်။ တရုတ်တို့ဟာတောင်တရုတ်ပင်လယ်အရေးမှာ အသည်းအသန်ခြေကုပ်ယူဖို့ကြိုးစားခဲ့ပြီးမှ အမေရိကန်လည်းပါဝင်လာလို့အာဆီယံအဖွဲ့ကလည်း ထိပ်တိုက်ရင်ဆိုင်လာလို့လမ်းကြောင်းပြောင်းခဲ့ရပါတယ်။ သူတို့ပြောင်းတဲ့ လမ်းကြောင်းကတော့ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ကျောက်ဖြူကို အားကိုးတဲ့ အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်ဘက်စုံ စိုးမိုးရေးပေါ်လစီပါပဲ။ တရုတ်နိုင်ငံမှာ Two Ocean ပေါ်လစီဆိုတာရှိပါတယ်။ ဒါကိုလည်း တရားဝင်သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ တရုတ်သံအမတ်ကြီး မစ္စတာ ဟောင်လျံကိုယ်တိုင်က ရိုးရိုးမေးတဲ့ မေးခွန်းအပေါ် အသည်းအသန်ပဲ Two Ocean ပေါ်လစီမရှိပါဘူးဆိုပြီး ငြင်းချက်ထုတ်ခဲ့တာက မလုံတဲ့တာ ကို ဖက်ရွက်နဲ့အုပ်သလို ဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနန်နယ်သားတွေအတွက် အကျိုးရှိပြီး ပြည်မအတွက် ရတနာတွေဆောင်ကျဉ်းလာနိုင်တဲ့ မြစ်ဆုံအပါအဝင် ရေကာတာ ၇ ခုစီမံကိန်းကို တစ်ဖက်လှည့်အစီအစဉ်နဲ့ရေးဆွဲချဉ်းကပ်ဖော်ဆောင်ဖို့တရုတ်တို့ကြိုးစားပါတယ်။ မြစ်ဆုံ စီမံကိန်းရပ်တန့်ခံလိုက်ရချိန်မှာ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အကောင်အထည်ပေါ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်း ကွန်ရက်ကို အားထည့်ပြီး ဖော်ဆောင်နေပေမယ့် ပြည်သူလူထုမသိနိုင်သေးသော ညှိနှိုင်းစရာများစွာကြောင့် ပေကျင်းကနေ ကူမင်းအထိ ရထားနဲ့ကားနဲ့သွားလာနိုင်သည်အထိ တရုတ်တို့ပြင်ဆင်ထားပြီးသည့်တိုင် ရှေ့ကို မတိုးနိုင်ဖြစ်နေရပါတယ်။ ဒါတွေဟာ ၂၀၁၃ လောက်အထိ တရုတ်တို့အားခဲထားခဲ့တဲ့ စီမံကိန်းတွေပါ။ မြန်မာဘက်က တုန့်ပြန်မှုတွေဟာ တရုတ်တို့ထင်မထားလောက်အောင် ဖြစ်လာနေတော့ တရုတ်တို့မူဝါဒတွေ ထပ်ပြောင်းရပြန်ပါတယ်။ ဒီတစ်ကြိမ်ပြောင်းလိုက်တဲ့ မူဝါဒကတော့ ကမ္ဘာကိုသိမ်းပိုက်ဖို့ပါပဲ။ ကီလိုမီတာပေါင်း သောင်းချီမယ့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးပါးကိုချိတ်ဆက်မယ့် One Belt, One Road စီမံကိန်းကြီးပါပဲ။ မူလက Silk Road အဖြစ်နဲ့သာ ရှိနေတဲ့ စီမံကိန်းကို တရုတ်သမ္မတ ရှီကျင်းဖိန်က ကမ္ဘာသိမ်းမယ့်အကြံနဲ့၂၀၁၃ မှာ OBOR အဖြစ်ကမ္ဘာကို ချပြလိုက်တာပါ။ ဒါပေမယ့် ဒီစီမံကိန်းအတွက် တရုတ်တို့က ကမ္ဘာ့မီဒီယာများကို တရားဝင်ဖိတ်ခေါ် မိတ်ဆက်မယ့် အချိန်ဟာ ဒီနှစ် ၂၀၁၇ မေလကျမှ ဖြစ်ပါတယ်။ OBOR ဟာ တရုတ်တို့ရဲ့၂၀၄၀ မဟာဗျုဟာ စီမံကိန်းထဲက အရေးကြီးဆုံးတစ်ခုအဖြစ် စတင်အသက်ဝင်လာပါတော့မယ်။ ” သမိုင်းမှာတုန်းကလည်း တရုတ်ရဲ့ပိုးလမ်းမကြီး စီမံကိန်းရှိခဲ့တယ်။ ဒါကို အခြေခံပြီးတော့ အခု ၂၁ ရာစုမှာတော့ ကုန်သွယ်ရေးပုံစံသစ်ကို ဖန်တီးဖို့အတွက် One Belt, One Road ကိုဖန်တီးတာပါ။ ရည်ရွယ်ချက်ကတော့ ကုန်သွယ်ရေး ရည်ရွယ်ချက်ပါပဲ။ One Belt, One Road ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေက ၁၀၀ ကျော်နေပါပြီ။ နိုင်ငံတကာအဖွဲ့အစည်း ၄၀ ကျော်ကလည်းပါဝင်ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်ကတော့ တရုတ်နဲ့သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးပါပြီ ” လို့တရုတ်ရဲ့အကြီးအကဲတစ်ဦးက ပြီးခဲ့တဲ့ မတ်လမှာ ကျွန်တော့်မေးခွန်းကို ပြန်ဖြေပါတယ်။ One Belt, One Road စီမံကိန်းကို စတင်မယ်ဆိုကတည်းက တရုတ်နဲ့အနီးဆုံးနိုင်ငံပေါင်း ၂၀ လောက်ကို စီးပွားရေး စာချုပ်တွေ လိုက်လံချုပ်ဆိုပြီးတော့ စီးပွားရေးဇုန် စီမံကိန်းပေါင်း ၅၆ ခုအထိ ဖော်ဆောင်နေတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ One Belt, One Road ကို တရုတ်ရဲ့AIIB က ထောက်ပံ့ဖို့လည်းအသင့်ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် မဆိုင်ပါဘူးလို့တရုတ်ဘက်က ငြင်းဆိုနေဆဲပါပဲ။

ကမ္ဘာကိုသိမ်းမယ့် တရုတ်နိုင်ငံရဲ့ထရိုဂျန်များ

တရိုဂျန်တွေဟာ ကမ္ဘာဦးအစကတည်းကရှိခဲ့ပြီးတော့ ကမ္ဘာအဆုံးသတ်မယ့်ကာလအထိ အစဉ်အဆက်အလိုက် နိုင်ငံအလိုက် ပေါ်ထွက်လာနေဦးမှာပါပဲ။ တရုတ်နိုင်ငံရဲ့ထရိုဂျန်ကတော့ အလီဘာဘာ အွန်လိုင်းလုပ်ငန်းစုနဲ့OBOR ပါပဲ။ OBOR ထဲမှာ ကမ္ဘာ့လူဦးရေ ၄ ဘီလျံခွဲကျော် ပါဝင်နေပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့အကြီးဆုံးသော စားသုံးကုန်အင်အားစုကြီး တည်ရှိရာနေရာပါပဲ။ တစ်နည်းအားဖြင့် အမေရိကန်တို့စိုးရိမ်ဆုံး အာရှပစိဖိတ်ဒေသအင်အားစုကြီးကို တရုတ်က လွှမ်းမိုးဖို့ကြိုးစားတဲ့နေရာမှာ လီဘာဘာ အွန်လိုင်းလုပ်ငန်းစုနဲ့OBOR တို့က အဓိက ထရိုဂျန်တွေ ဖြစ်လာပါမယ်။ OBOR ထဲမှာ ကမ္ဘာ့အကြီးဆုံးသော စားသုံးသူအင်အားစုအပြင် ကမ္ဘာ့အကြီးဆုံးသော ဈေးကွက်စီးပွားရေး၊ ငွေကြေးလည်ပတ်မှုအပါအဝင် အမေရိကန်ကိုပါ ပြုတ်ကျသွားစေနိုင်သည်အထိ ကြီးထွားလာမယ့် အင်အားစု နိုင်ငံငယ်တွေများစွာရှိပါတယ်။ ၂၁ ရာစုမှာ သူတို့ကို နိုင်ငံရေးအရ စကားလုံးပရိယာယ်တွေအရ လှည့်စားဦးဆောင်လို့မရတော့ပါဘူး။ လာမယ့်နှစ် ၃၀ နီးပါး အကြာမှာတော့အာရှပစိဖိတ်ဒေသဟာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရရင် ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံတွေအဖြစ် ပေါ်ထွက်လာမယ်ဆိုတာ အမေရိကန်နဲ့တရုတ်တို့သိနေပါတယ်။ ဒီအတွက်လည်း အမေရိကန်က TPP ၊ တရုတ်က OBOR တို့နဲ့ဆွဲဆောင်စည်းရုံးခဲ့တာပါပဲ။ တစ်ချိန်တည်းမှာ တရုတ်အစိုးရကို ပံ့ပိုးမယ့် ထရိုဂျန်ကတော့ အလီဘာဘာရဲ့အွန်လိုင်းဈေးကွက်ကြီးပါပဲ။ ၂၁ ရာစု ကမ္ဘာကြီးဟာ တစ်နေရာနဲ့တစ်နေရာကို စက္ကန့်မခြားဆက်သွယ်စကားပြောဆိုနိုင်နေသလို နာရီမခြား ကုန်စည်ပို့ဆောင်ရေးစနစ်ကြီး ထွန်းကားလာတာက အမေရိကန်တို့အတွက် အခက်တွေ့စေခဲ့တာပါပဲ။ အလီဘာဘာလုပ်ငန်းစု ဥက္ကဋ္ဌ ဂျက်မားဟာ မူလ အလီဘာဘာကို ထူထောင်စဉ်က သူကိုယ်တိုင်ကြီးပွားဖို့နဲ့တရုတ်နိုင်ငံက ကုန်စည်ပို့ဆောင်ရေးကိုနည်းပညာအရ ဖြေရှင်းကူညီပေးဖို့လောက်ပါပဲ။ ဒါပေမယ့် မျက်စိကျယ်သွားတဲ့နောက်မှာ တရုတ်ရဲ့ကမ္ဘာကြီးကို ဦးဆောင်ဖို့ပြင်ဆင်မှုမှာ ထရိုဂျန်အဖြစ် ပါဝင်ခွင့်ရဖို့တရုတ်သမ္မတ ရှီနဲ့ဂျက်မားတို့ကန့်လန်ကာနောက်ကွယ်မှာ သဘောတူမှု ရယူထားပြီးပြီလို့ပြောရမှာပါ။ အလီဘာဘာ အွန်လိုင်းပေါ်မှာ အသုံးပြုသူ သန်းထောင်ချီဖြစ်ဖို့အတွက် နောက်ဆုံးပြင်ဆင်လိုက်တာကတော့ အလီဘာဘာမှာ တစ်ဒေါ်လာအကောင့် သွင်းထားရင်တောင် အတိုးနှုန်းတစ်ခုရစေဖို့အထိ တစ်နည်းအားဖြင့် ဘဏ်မဟုတ်သောဘဏ် ပုံစံမျိုး အသက်သွင်းထားတာကိုတွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်က အွန်လိုင်းစတိုးကြီး တွေကို ဒေါ်လာသန်းရာချီပေးပြီးတော့ ဝယ်ထားတဲ့အထိ အလီဘာဘာတို့ခြေလှမ်းကျဲထားပါတယ်။ အလီဘာဘာဟာ OBOR ကွန်ရက်ထဲက အသုံးပြုသူများစွာကို သူတို့အွန်လိုင်းပေါ် ရောက်လာဖို့စတင်ကြိုးပမ်းနေပြီဖြစ်သလို လူဦးရေ ၄ ဘီလျံခွဲကျော်ကို ဦးဆောင်မယ့် တရုတ်ဟာလည်း ကမ္ဘာ့လူဦးရေအများဆုံးကို ဦးဆောင်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေတော့မှာပါ။

တရုတ်နိုင်ငံရဲ့စစ်အင်အား၊ နိုင်ငံရေး အင်အား

Global Fire Power ရဲ့ကမ္ဘာလုံးဆိုင်ရာ စစ်အင်အားတွက်ချက်မှုမှာ တရုတ်က နံပါတ် ၃ အဆင့်မှာ ရှိနေပါတယ်။ သူ့အထက်မှာ အမေရိကန်နဲ့ရုရှားပဲ ရှိပါတော့တယ်။ အမေရိကန်နဲ့အားပြိုင်မှုအချို့ လုပ်နေပေမယ့် ရုရှားနဲ့တော့ တည့်အောင်ပေါင်းထားတဲ့ တရုတ်ဟာ လူမသိ သူမသိ စစ်ဘက်ဆိုင်ရာလျို့ဝှက်စီမံကိန်းများစွာကို အကောင်အထည်ဖော်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာတဲ့ သတင်းတစ်ခုမှာဆိုရင် ဆော်ဒီမှာ ဒေါ်လာ ၆၅ ဘီလျံတန် တိုက်ခိုက်ရေးဒရုန်းစက်ရုံတည်ထောင်မယ့် ကိစ္စမျိုးဟာလည်း တရုတ်ရဲ့စစ်ဘက်ဆိုင်ရာ ခြေလှမ်းကျဲမှုပါပဲ။ အတိတ်ကာလတွေတုန်းက လက်နက်အင်အား မမျှတမှုတွေကြောင့် ဂျပန်တွေရဲ့သိမ်းပိုက်မှုကို ခံရသလို ပြည်တွင်းစစ်မီးတွေ၊ ပြည်ပနိုင်ငံကြီးတွေရဲ့ဖျက်ဆီးမှုတွေကို ခံခဲ့ရတဲ့ တရုတ်ဟာ နှစ် ၁၀၀ ကျော်ကြာပြီးချိန်မှာတော့ ဒါတွေကို နာကျဉ်းစွာနဲ့တက်ညီလက်ညီ ရုန်းထပြီးတော့ ကမ္ဘာ့စစ်အင်အားကြီးဖြစ်ဖို့ကြိုးစားတာ သူ့နိုင်ငံအတွက် လုံး၀ မမှားပါဘူး။ နိုင်ငံရေးအင်အားမှာဆိုရင်လည်း အာရှဒေသတစ်လွှားမှာသူ့သြဇာဖြန့်ကျက်ထားမှုက တဖြည်းဖြည်း သိသာလာသလို၊ အတိတ်တုန်းက ဖြန့်ကျက်ခဲ့တဲ့ လူကြီးချင်းဆက်ဆံရေးကို ချက်ခြင်း အသွင်ပြောင်းပြီး ပြည်သူချင်းဆက်ဆံရေးအထိ အထူးအားထည့် ဖော်ဆောင်နေတာကိုတွေ့ရပါတယ်။ အာဖရိကဒေသမှာဆိုရင်လည်း တရုတ်အလံတွေ တလွှင့်လွှင့်ဖြစ်နေပါပြီ။ လက်ရှိ တရုတ်ရဲ့စစ်ဘက်၊နိုင်ငံရေးဘက်က အင်အားဟာ ကမ္ဘာ့ထိပ်ဆုံး ၅ နိုင်ငံအဆင့်မှာ ရှိနေတယ်ဆိုတာ ဘယ်လိုငြင်းမရနိုင်တော့ပါဘူး။

ကမ္ဘာ့သိမ်းမယ့် တရုတ်အတွက် မြန်မာက ဘယ်အခန်းကဏ္ဍမှာ ရှိနေလဲ

တရုတ်နိုင်ငံအတွက်ကတော့ မြန်မာနိုင်ငံဟာ တကယ့်ရွှေတွင်းကြီးပါပဲ။ OBOR ကွန်ရက်ကြီးအတွက်ဆိုရင်တော့ ဆက်ကြောင်းအရပြောရင် မြန်မာကို ကွင်းရှောင်သွားလို့မရပါဘူး။ မြန်မာကို ကွင်းပြီး ရှောင်လိုက်တာနဲ့ကမ္ဘာကိုချိတ်ဆက်မှုမှာ လမ်းကြောင်းရှည်သွားပါလိမ့်မယ်။ အချိန်တွေပိုကုန်သွားမယ်။ ငွေတွေပိုကုန်သွားပါမယ်။ မြန်မာမပါတဲ့ OBOR ဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုမျိုး တရုတ်အတွက် ပေါ့ပျက်ပျက်ဖြစ်နေပါလိမ့်မယ်။ နောက်တစ်ချက်က မြန်မာကိုဖြတ်သန်းမယ့် ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်းကွန်ရက်ဟာ OBOR ကနေ တရုတ်အတွက် အထူးအကျိုးရှိစေမယ့် ဆက်ကြောင်းကြီးတစ်ခုပါပဲ။ အခြားသော စီမံကိန်းများစွာကတော့ ဟင်းအရသာ မသိတဲ့ ဇွန်လိုမျိုး မြန်မာခေါင်းဆောင်များကြောင့် တရုတ်တို့အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေဦးမှာပါပဲ။ ဒါတွေဟာ တရုတ်က လက်မလွှတ်နိုင်တဲ့ မြန်မာဆီကရမယ့် အခွင့်အရေးတွေပါပဲ။ အထင်ရှားဆုံး ဥပမာတစ်ခုနဲ့ယှဉ်ပြောရရင် တရုတ်ဆောက်မယ့် OBOR ဆိုတဲ့ အိမ်ကြီးတစ်လုံးကို ဝင်ဖို့ထွက်ဖို့ တံခါးပေါက်ဟာ မြန်မာနိုင်ငံပါပဲ။ ဒါကြောင့်လည်း တရုတ်တို့ဟာ မြန်မာခေါင်းဆောင်အဆက်ဆက်ကို တရုတ်ကို ဆန့်ကျင်မယ့် နိုင်ငံရေးသမားများစွာကို မျက်နှာချိုသွေးပြရင်း ညောင်ရေလောင်းဖို့ကြိုးစားနေကြတယ်ဆိုတာ သိဖို့လိုပါတယ်။ တစ်ဦးတည်းအမြင်အရ ပြောပါဆိုရင် တရုတ်တို့အလိုရှိနေတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ကားလမ်းကို တရုတ်ငွေနဲ့ပဲ မြန်မာ့မြေမှာ လာဆောက်ဖို့ ခွင့်ပြုသင့်ပါတယ်။ လက်လွတ်စပါယ် ခွင့်ပြုခြင်းမျိုး မဟုတ်ဘဲ ထိုက်တန်တဲ့ မြေယာလျှော်ကြေး၊ လမ်းဖြတ်သန်းခ ကောက်ခံမှုအပါအဝင် အခြားသော မြန်မာ့အကျိုးစီးပွားဆိုင်ရာစာချုပ်စာတမ်းများကို စည်းမျဉ်းစည်းကမ်းများနဲ့အညီ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ရင်းနဲ့ခွင့်ပြုသင့်တာမျိုးပါ။ မြန်မာနိုင်ငံဟာ လမ်းကွန်ရက်ကောင်းမွန်ခြင်း မရှိမှု၊ လျှပ်စစ်မီး မလုံလောက်မှု အပါအဝင် ဖွံ့ဖြိုးမှု အသီးအပွင့်များစွာကိုချို့တဲ့စွာ စားသုံးနေရတဲ့ နိုင်ငံတစ်ခုပါ။ ငွေကြေးလိုအပ်ချက်များစွာရှိနေခြင်းနဲ့အတူ ချို့တဲ့မှုကနေ ရုန်းထွက်ဖို့တစ်စုံတစ်ယောက်ကိုတော့ အသုံးချရပါမယ်။ အသုံးချဖို့အတွက်လည်း အသုံးချခံလိုသူ ဖြစ်ဖို့လိုပါမယ်။ တရုတ်ကို အသုံးချရင်းနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုကို ဦးတည်သွားနိုင်ဖို့ခေါင်းဆောင်များက ပါးနပ်မှု ရှိရပါတော့မယ်။

ကမ္ဘာသိမ်းမယ့် တရုတ်အတွက် အဓိက အားနည်းချက်

ကမ္ဘာကြီးကို သိမ်းဖို့တစ်နည်းအားဖြင့် ကမ္ဘာ့စူပါ ပါဝါဖြစ်ဖို့ကတော့ တရုတ်အနေနဲ့ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ၊ သူတို့ကို အကောင်းဆုံး ဒုတိယပဲဖြစ်စေမယ့် အကြောင်းတရား ရှိနေပါတယ်။ အဲဒါကတော့ ဘာသာစကားပါပဲ။ ကမ္ဘာပေါ်မှာ နိုင်ငံတကာသုံး ဘာသာစကားက အင်္ဂလိပ်ဘာသာစကားပါ။ အမေရိကန်တွေလည်း အမေရိကန်အင်္ဂလိပ်ဘာသာစကားနဲ့ပြောပါတယ်။ ကမ္ဘာ့ တောင်ဘက်စွန်းက လူသားတစ်ဦးက ကမ္ဘာ့မြောက်ဘက်စွန်းကိုသွားမယ်ဆိုရင်တောင် သူမဖြစ်မနေပြောရမယ့်စကားက အင်္ဂလိပ်ဘာသာစကားပါ။ အခြား ဘာသာစကားတွေဟာ ကမ္ဘာကြီးနဲ့အကျွမ်းတဝင် မရှိပါဘူး။ တရုတ်နိုင်ငံဟာ ပေကျင်းလိုမြို့တော်ကြီးက လူသားတွေတောင် အင်္ဂလိပ်ဘာသာစကားကို တစ်လုံးတစ်ပါဒမှ မပြောတတ်သူတွေ တစ်ပုံကြီးရှိနေပါတယ်။ တိကျသော စာရင်းဇယားမဟုတ်ပေမယ့် တရုတ်နိုင်ငံရဲ့၇၅ ရာခိုင်နှုန်းသော ပြည်သူတွေဟာ အင်္ဂလိပ်ဘာသာစကားကို မပြောတတ်ကြပါဘူး။ ဒါဆိုရင် ကမ္ဘာကို ဘယ်လိုပတ်ကြပါမလဲ။ ကမ္ဘာကို တရုတ်စာ ပြန်သင်ပေးဖို့ကတော့ ဒါဟာ နှစ် ၁၀၀ ကျော်လောက်ကြိုးစားမှဖြစ်လာမယ့် အနေအထားပါပဲ။ ဒါတောင် ကမ္ဘာသူ ကမ္ဘာသားတွေက တရုတ်ဘာသာစကားကို အထင်တကြီးနဲ့မဖြစ်မနေ သင်ယူမှ ဖြစ်မယ်ဆိုပြီး သင်ကြားမှသာ ဖြစ်လာမှာပါ။ ဝူဟန်မြို့က အစိုးရ အရာရှိမင်းတစ်ယောက်ကို ကျွန်တော်မေးကြည့်ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့စူပါ ပါဝါဖြစ်မယ်လို့ယုံကြည်ပါသလားပေ့ါ။ အထူးသဖြင့် နောက်လာမယ့် ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်မှာဆိုရင် ဖြစ်မယ်လို့ယုံကြည်သလား၊ မျှော်လင့်ထားသလားဆိုတာကို သူပြန်ဖြေတာကတော့ ” ကျွန်တော်ကတော့ ဘာကြောင့် အမေရိကန်လိုမျိုး တရုတ်က စူပါ ပါဝါ မဖြစ်ရမှာလဲ။ ဖြစ်မယ်လို့ယုံကြည်ချက်ရှိတယ် ” ဆိုတာပါပဲ။ ဒါပေမယ့် ဒီစကားကို သူ့ကို အင်္ဂလိပ်လို မေးလို့မရခဲ့ပါဘူး။ တရုတ်ဘာသာပြန်ကနေ တစ်ဆင့် မေးမှ သူပြန်ဖြေနိုင်တာပါ။ စိတ်ထဲမှာတော့ တွေးဆမိလာပါတယ်။ တရုတ်တို့အရမ်းကြိုးစားပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် နှစ် ၁၀၀ အတွင်းမှာတော့ ကမ္ဘာကြီးက တရုတ်ကို အကောင်းဆုံး ဒုတိယ နေရာကိုပဲ ဖန်တီးပေးပါလိမ့်မယ်။ ကမ္ဘာသိမ်းဖို့ကြိုးစားနေတဲ့ တရုတ်တို့အတွက် အကောင်းဆုံး ဒုတိယဟာ အသင့်တော်ဆုံးပါပဲ။

ဆောင်းပါးရှင်က ၂၀၁၇ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့ခေတ်နှင့်ယှဉ်၍ တွေးဆနိုင်ပါရန် ပြန်လည်ဖော်ပြပါသည်။

Related news

© 2021. All rights reserved.