ယူနန်ကနေ သယ်လာတဲ့ မြန်မာတိုင်းရင်းသားအရေးအတွက် အတွေးစများ

 1750

မျိုးမင်း(မကျည်းလဟာ)

" ကျွန်တော်တို့ဆီမှာ လူမျိုးကြီးတိုင်းရင်းသားတွေထက် လူနည်းစုတိုင်းရင်းသားတွေက ဦးစားပေးခံရတယ် "
ကူမင်းမြို့မှာအခြေစိုက်တဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေကို လေ့လာသုတေသနပြုရေးဌာနရုံးမှာ ယူနန်ပြည်နယ်ရဲ့စီးပွားရေးနဲ့လူမျိုးစုရေးရာ သုတေသနမှူးတစ်ဦးက ရှင်းပြခဲ့တဲ့ စိတ်ဝင်စားဖွယ်စကားပါ။ အထူးသဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်အချို့ကို ကူမင်းမြို့နဲ့တရုတ်နိုင်ငံတစ်ခွင် လေ့လာရေးလုပ်ဖို့ဖိတ်ကြားပြီးတော့ ကူမင်းမြို့မှာ စတင်ရှင်းပြချိန်မှာပဲ ထုတ်ပြောလာတဲ့စကားစုလေးပါ။

လူနည်းစုတိုင်းရင်းသားအရေး တရုတ်နိုင်ငံရဲ့ဖြေရှင်းနည်း
" ကျွန်တော်တို့ဆီမှာ လူမျိုးကြီးတိုင်းရင်းသားတွေထက် လူနည်းစုတိုင်းရင်းသားတွေက ဦးစားပေးခံရတယ် "
ဒီစကားစုဟာ မြန်မာနိုင်ငံအတွက်တော့ တော်တော်လေးကို တာသွားတဲ့စကားစုတစ်ခုဖြစ်လာသလို နောက်ဆက်တွဲရှင်းပြလာတဲ့စကားတွေကြောင့် မြန်မာနိုင်ငံရဲ့လူမျိုးစုအနာဂတ်ကို ဘယ်လိုပုံဖော်သင့်လဲဆိုတာ တွေးဆစရာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၅၀ ပြည့်နှစ်လောက်တုန်းက လူမျိုးစုပြသနာတွေကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားအဖြစ် တရားဝင်မှတ်ပုံတင်ကြဖို့တရုတ်ခေါင်းဆောင်တွေက ဖိတ်ခေါ်ခဲ့စဉ်မှာ တိုင်းရင်းသားလူမျိုးစုနာမည်နဲ့တင်ပြခဲ့တဲ့အဖွဲ့ပေါင်း ၄၀၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီလို ၄၀၀ ကျော်ထဲကနေ တရုတ်အစိုးရက စနစ်တကျစိစစ်အတည်ပြုပြီးတဲ့နောက်မှာတော့ ၅၆ မျိုးကို တိုင်းရင်းသားမျိုးနွယ်စုတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီလိုသတ်မှတ်ပြီးတဲ့နောက်မှာတော့ လူမျိုးကြီးဖြစ်တဲ့ ဟန်လူမျိုးတွေဟာ စတင်အနစ်နာခံခဲ့ကြရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ပညာရေးလိုကိစ္စနဲ့အခြားသော ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွေမှာ လူနည်းစုတိုင်းရင်းသားတွေကို အခွင့်အရေးပိုပေးခဲ့တာမျိုးပါ။ ဥပမာတစ်ခုအရ ဆိုရင် လူမျိုးကြီးတွေက တက္ကသိုလ်ဝင်ခွင့်အမှတ်တွေ ၄၀၀ လောက်ဖြစ်နေချိန်မှာ လူနည်းစုတိုင်းရင်းသားတွေကို ဝင်ခွင့်အမှတ် ၃၅၀ လောက်နဲ့ခွင့်ပြုပေးခဲ့တာမျိုး၊ လူနည်းစုတိုင်းရင်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ဆန်ဆန်လုပ်ပေးခဲ့တာမျိုးတွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေကို အခွင့်အရေးတွေပိုပေးခဲ့ကြတာလို့ဆိုပါတယ်။
" လူနည်းစုတိုင်းရင်းသားတွေက လူဦးရေနည်းတယ်ဆိုပေမယ့် မြေဧကအများကြီး ပိုင်ဆိုင်ထားကြပါတယ် " သုတေသနမှူးက ပြောပါတယ်။ သုတေသနမှူးက ကချင်အခြေစိုက်တိုင်းရင်းသားအဖွဲ့တွေကို ရှင်းပြနေတဲ့အချိန်မှာတော့ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေဟာ တော်တော်လေး စိတ်ဝင်တစားဖြစ်နေတာကို မြင်ရပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံပိုင်းခြားလိုက်ချိန်မှာ တရုတ်ဘက်ကို ပါသွားခဲ့ရတဲ့ ကချင်နွယ်ဖွားတိုင်းရင်းသားမျိုးနွယ်စုတွေနဲ့မြန်မာဘက်ကို ပါလာခဲ့တဲ့ ကချင်နွယ်ဖွားတိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာ တိုးတက်မှုနဲ့ဘဝအခြေအနေမျိုးစုံကွာခြားသွားခဲ့မှုဟာ တရုတ်အစိုးရကို အားကျမှုဖြစ်စေတယ်လို့လည်း ကချင်အခြေစိုက်တိုင်းရင်းသားလူနည်းစုအဖွဲ့ဘက်က ထုတ်ပြောကြပါတယ်။ ယူနန်ပြည်နယ်မှာ ခရိုင်ကြီး(၁၆)ခုနှင့် ခရိုင်ငယ်(၁၂၉)ခု၊ မြို့နယ်ပေါင်း(၁၅၀၀)ကျော် ရှိထားပါတယ်။ ဒီအထဲမှာတော့ မြန်မာနိုင်ငံဘက်က တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့တူညီတဲ့ ရှမ်း၊ ဂျိမ်းဖော၊ လီဆူစတဲ့ တိုင်းရင်းသားတွေလည်း နေထိုင်ကြသလို ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ နုကျန်း၊ ရှီးရွှမ်းပန်နတိုင် စတဲ့ဒေသတွေမှာ ရှမ်း၊ ဂျိမ်းဖောနဲ့လီဆူတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ပိုင်ဆိုင်ထားကြပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုလေးတွေဟာ ဘာသာရေးလွတ်လပ်မှုလည်း ရှိထားသလို တရုတ်နိုင်ငံရဲ့ဥပဒေအောက်ကနေ ကိုယ့်ဒေသကိုယ် ကိုယ်တိုင်စိတ်ကြိုက်ပုံဖော်ခွင့်ပေးခဲ့တာမျိုးပါ။ လူနည်းစုနဲ့လူများစုမှာ အခွင့်အရေးကို တန်းတူထားပေးခဲ့ကြသလို တရုတ်တစ်နိုင်ငံလုံး ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ဟန်လူမျိုးတွေဟာ ယူနန်မှာတော့ ၆၇ ရာခိုင်နှုန်းအထိ ရှိထားပါတယ်။ ယူနန်ပြည်နယ်ထဲမှာ အခြားသော လူမျိုးတွေဖြစ်တဲ့ ယီလူမျိုး၊ ပိုင်လူမျိုး၊ ဟနီလူမျိုး၊ ကျွမ်းလူမျိုး၊ တိုင်လူမျိုး၊ မြောင်လူမျိုး၊ ဟွေးလူမျိုး၊ တိဘက်လူမျိုးတို့နဲ့အတူ ဟန်လူမျိုးတွေက တစ်သားတည်းအတူတူ တရုတ်နိုင်ငံဆိုတဲ့စိတ်ဓါတ်နဲ့ခရီးဆက်နေကြတာမျိုးပါ။ ဒီအတွက် ဥက္ကဋ္ဌကြီး မော်စီတုန်းက မိန့်ခွန်းတစ်ခုမှာ အတိအလင်းပြောထားဖူးတယ်လို့ဆိုပါတယ်။ ဒါကတော့ လူနည်းစု၊ လူများစုဆိုတာမျိုး မခွဲခြားဘဲ အားလုံးတန်းတူညီမျှရေး ဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ဦးဆောင်လမ်းညွှန်မှုပဲ ဖြစ်တယ်လို့ကြားသိရတာပါ။

ယူနန်ပြည်နယ်ရဲ့စီးပွားရေး
ယူနန်ပြည်နယ်ဟာ ၁၉၉၄ ခုနှစ်တုန်းကဆိုရင် တစ်ဦးကို တစ်နှစ်တာဝင်ငွေယွမ် ၃၀၀ လောက်သာ ရှိခဲ့ကြတာပါ။ ဆင်းရဲလွန်းလှတဲ့ပြည်နယ်တစ်ခုဖြစ်ခဲ့ပေမယ့် စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကနေ ၂၀၁၈ နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့အတိုးတက်ဆုံးပြည်နယ် ငါးခုစာရင်းမှာ ထိပ်တန်းနေရာကနေ ပါဝင်သွားနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်ရင် ညီညာပြေပြစ်တဲ့မြေမရှိတဲ့အတွက် ကုန်းမြင့်လွင်ပြင်ဒေသအချို့၊ ချိုင့်ဝှမ်းအချို့နဲ့တောင်စောင်းလှေကားထစ်တွေမှာပဲ စိုက်ပျိုးခဲ့ရတာမျိုးပါ။ ပြည်နယ်တစ်ခုလုံးရဲ့ ၅ ရာခိုင်နှုန်းလောက်သာ ရှိပါသေးတယ်။ စပါးက အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီးတော့ ပြောင်းဖူး၊ ဘာလီ၊ ဂျုံ၊ ကန်စွန်းဥ၊ ပဲပိစပ်၊ လက်ဖက်၊ ကြံ၊ ဆေးရွက်ကြီး၊ ဝါဂွမ်းတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ အနောက်ဘက်ပိုင်းက မတ်စောက်တဲ့တောင်စောင်းတွေမှာ မွေးမြူရေးနဲ့သစ်ထုတ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြရပါတယ်။ ဆေးရွက်ကြီးက ပြည်ပပို့ကုန်ထဲက အဓိကပို့ကပို့ကုန်ဖြစ်လာသလို ပြည်နယ် GDP ရာခိုင်နှုန်းအများစုဟာ ဆေးရွက်ကြီးကနေရပါတယ်။ အထူးသဖြင့် ဝင်ငွေကောင်းတဲ့တစ်ခုကတော့ စားသုံးရန်သင့်တော်သောမှိုမျိုး(၉၃၈)မျိုးရှိသလို ယူနန်ပြည်နယ်ထဲမှာပဲ မှိုးမျိုးစိတ်(၈၀၀)ကျော်ပေါက်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မှိုတန်ချိန် ၁၀၀၀၀ နီးပါး ပြည်ပတင်ပို့နိုင်ခဲ့သလို တရုတ်ပြည်မှိုတင်ပို့မှုရဲ့(၇၀)ရာခိုင်နှုန်းကို ယူနန်ပြည်နယ်က ဦးဆောင်ပါတယ်။ ထင်းရှူးမှိုကတော့ ယူနန်ပြည်နယ်ရဲ့အဓိကထွက်ကုန်တစ်မျိုးဖြစ်ပြီး ဂျပန်ကို အများအပြားတင်ပို့နိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်၊ ပန်း စတဲ့စိုက်ပျိုးကုန်တွေဟာလည်း ယူနန်ပြည်နယ်အတွက် ဝင်ငွေရှာဖွေပေးနိုင်တဲ့ လုပ်ငန်းတွေပါပဲ။ ထူးခြားတာကတော့ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စပါပဲ။ စွမ်းအင်နဲ့လောင်စာဆီလိုအပ်ချက် မြင့်မားနေတဲ့ ယူနန်ပြည်နယ်အတွက် တရုတ်ခေါင်းဆောင်တွေ ကြိုတင်ပြင်ဆင်ထားခဲ့တာက လက်ရှိကာလမှာ တော်တော်လေးအသုံးဝင်တယ်လို့ဆိုရမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူကနေ ယူနန်ပြည်နယ် ကူမင်းဆီကို သွယ်တန်းလိုက်တဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကနေ ယူနန်ပြည်နယ်ရဲ့စီးပွားရေးကို တစ်ရှိန်ထိုး တွန်းတင်နိုင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပူးပေါင်းလုပ်ကိုင်တဲ့ ကုန်သွယ်ရေးကဏ္ဍတစ်ခုလုံးမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းက ဝင်ငွေအများဆုံးရှာဖွေပေးနိုင်ခဲ့တယ်လို့သိလိုက်ရတာပါ။ ပိုက်လိုင်းကနေ ပို့လိုက်တဲ့ ရေနံစိမ်းတွေကို ယူနန်ပြည်နယ်ထဲမှာပဲ လေယာဉ်ဆီထုတ်တယ်၊ ကားတွေနဲ့စက်ပစ္စည်းတွေမောင်းနှင်ဖို့အတွက် စက်သုံးဆီတွေထုတ်တယ်၊ ပုံစံမျိုးစုံနဲ့ကုန်ချောပြန်ထုတ်ပြီး ဝင်ငွေ ရှာဖွေတတ်ကြပါတယ်။ " နှစ်ပေါင်း ဆယ်ချီပြီး ပူးပေါင်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံရဲ့မိတ်ဖက်နိုင်ငံဟာ မြန်မာနိုင်ငံပဲ ရှိပါတယ် " လို့သုတေသနမှူးက ပြောပါတယ်။ ယူနန်ပြည်နယ် တိုးတက်ရခြင်း အဓိကအကြောင်းအရာဟာ တံခါးဖွင့်စီးပွားရေးကိုကျင့်သုံးထားသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ယူနန်ပြည်နယ်နဲ့ထိစပ်တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ လာအို၊ ထိုင်းတို့ပဲ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ယူနန်ပြည်နယ်အတွက် အဓိကထွက်ပေါက်နိုင်ငံတစ်ခုဖြစ်နေတာပါ။ တစ်ချိန်က စီးပွားရေးတိုးတက်ဖို့အတွက် ဝင်လာသမျှလုပ်ငန်းတွေကို အကုန်လုပ်ခဲ့ရသလို သစ်တောတွေ၊ သတ္တူတွေတူးခဲ့တာကြောင့် ညစ်နွမ်းသလိုဖြစ်ခဲ့ရတဲ့ ယူနန်ပြည်နယ်အတွက် လက်ရှိမှာတော့ အစိမ်းရောင်စီးပွားရေးနဲ့စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။

ယူနန်ပြည်နယ်နဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး
မြန်မာနိုင်ငံနဲ့နယ်စပ်ထိစပ်မှုအများဆုံးပြည်နယ်ဟာ ယူနန်ပြည်နယ်ပါပဲ။ ယူနန်ပြည်နယ်နဲ့နယ်မြေအကျယ်ဆုံးထိစပ်တာကလည်း မြန်မာနိုင်ငံပါပဲ။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်ပြသနာ အများဆုံးရှိရာဒေသဟာလည်း ယူနန်ပြည်နယ် နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာပဲ ဖြစ်နေပြန်ပါတယ်။ ကူမင်းအခြေစိုက် သုသေတနစင်တာဘက်က တာဝန်ရှိသူတစ်ဦးကတော့ မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ ဒါကတော့ ၁၉၉၄ လောက်ကနေ ၂၀၁၀ အထိ ယူနန်နယ်စပ်မှာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာတပ်မတော်တို့တိုက်ပွဲကြီးကြီးမားမားဖြစ်တာမျိုး သိပ်မရှိခဲ့ဘဲ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအစိုးရလက်ထက်ရောက်မှ ဘာကြောင့်တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်လာတာလဲဆိုတာပါ။ ဖြေစရာအဖြေသိပ်မရှိလှပေမယ့် ဒီဘက်(၉)နှစ်တာကာလတွေဟာ တကယ်ကိုပဲ တရုတ်ဘက်က ထောက်ပြချင်စရာကောင်းလောက်အောင် လက်နက်ကိုင်အဖွဲ့တွေ အလျိုအလျိုပေါ်လာခဲ့သလို တိုက်ပွဲတွေလည်း မကြာခဏပြန်ဖြစ်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေထဲကနေ တပ်မတော်ဘက်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေမှာတော့ တရုတ်ထုတ်လက်နက်တွေ ဖြစ်နေတာကိုလည်း ပြန်စဉ်းစားသုံးသပ်ကြည့်သင့်တယ်လို့တော့ သုတေသနစင်တာဘက်က တာဝန်ရှိသူကို ပြန်ပြောဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီဘက်(၉)နှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ တရုတ်ဘက်က မီးတို့ပေးတာမျိုး၊ တစ်နည်းနည်းနဲ့ပါဝင်ပတ်သက်တာမျိုး မဖြစ်ပါစေနဲ့လို့ပဲ ပြောချင်တာပါ။ စင်တာဘက်က တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ရပိုင်ခွင့်တွေကို ပေးသင့်သလောက် မပေးတာကြောင့် ဖြစ်တယ်လို့ဆွေးနွေးဝိုင်းမှာပဲ ပြောပါတယ်။ ဒီအချက်ကို ကချင်အခြေစိုက် တိုင်းရင်းသားလူနည်းစုခေါင်းဆောင်အချို့က ခေါင်းငြိမ့်လက်ခံကြပုံလည်းရပါတယ်။ အထူးသဖြင့် ခံစားခွင့်မညီမျှတာတွေနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ နည်းပါးတာဟာ တရုတ်ဘက်ကနေ မြန်မာတိုင်းရင်းသားခေါင်းဆောင်တွေကို သတင်းစကားပါးချင်တဲ့အတိုင်း ထိထိမိမိရောက်ရှိသွားစေတာမျိုးလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တုန်းကလည်း လူနည်းစုပြသနာဟာ စစချင်းမှာ ထိလွယ်ရှလွယ်ဖြစ်ခဲ့ဖူးတယ်လို့စင်တာဘက်က ထောက်ပြခဲ့သလို လက်တွေ့ဘဝမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ တရုတ်နိုင်ငံသားတိုင်းလိုလိုဟာ လူမျိုးရေးဆိုတာထက် နိုင်ငံ့အရေးကိုပဲ ဦးဆောင်စဉ်းစားနေကြပြီဖြစ်တယ်လို့သတင်းစကားတွေက ရည်ညွှန်းကြပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်တို့မြင်နေတဲ့ အမြင်
" ကျွန်တော်တို့မိတ်ဆွေ လုပ်ငန်းရှင်တွေ မြန်မာပြည်ကနေ ပြန်လာနေကြပြီ။ ဘာတစ်ခုမှ သေသေချာချာ အဆင်ပြေပြေအလုပ်လုပ်လို့ရတာ မရှိဘူးလို့ပြောကြတယ် " ဆိုပြီး သုတေသနစင်တာဘက်က တာဝန်ရှိသူတစ်ဦးကတော့ ညစာစားဝိုင်းမှာ ရင်ဖွင့်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မဖြစ်မနေ လာရောက်ရင်းနှီးမြုပ်နှံရမယ့်မိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံဘက်က သတ်မှတ်ထားကြပေမယ့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ချိန်မှာ မျှော်မှန်းထားသလိုတွေ မဖြစ်ဘူးလို့မြင်နေကြပါတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းက အလုပ်လုပ်ခဲ့ရပုံကို တရုတ်တို့က ပိုပြီး တမ်းတနေကြသလို ဦးသိန်းစိန်အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်-ဦးဝင်းမြင့်အစိုးရအထိ လုပ်ငန်းဆောင်တာတွေမှာ အဆင်မပြေမှုက ပိုများတယ်လို့ဆိုကြတာပါ။ ဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခံရမှုဟာ တရုတ်တို့အတွက် မျက်ဖြူဆိုက်သွားစေသလို တပ်မတော်အစိုးရလက်ထက်က လက်မှတ်ထိုးထားပြီးခဲ့သော စီမံကိန်းအားလုံးဟာ ဒီကနေ့အထိ တန်းလန်းကြီးဖြစ်နေတာက တရုတ်တို့ကို စိတ်မသက်မသာဖြစ်စေတယ်လို့ထောက်ပြကြပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကနေ လက်ရှိအစိုးရလက်ထက်အထိ(၉)နှစ်တာကာလဟာ တရုတ်တို့ကို လုပ်တိုင်းမဖြစ်စေတာကြောင့် မြန်မာအစိုးရတွေကို အမြင်မကြည်ဖြစ်လာပုံရပါတယ်။ တိကျခိုင်မာတဲ့ မူဝါဒမရှိဘဲ လိုသလိုအပြောင်းအလဲလုပ်နေတဲ့ မူဝါဒတွေကြောင့် နောက်ထပ်ဝင်လာမယ့်တရုတ်လုပ်ငန်းရှင်တွေကို နောက်တွန့်စေတယ်လို့ဆိုပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရ မြစ်ဆုံ၊ ကျောက်ဖြူ-ကူမင်းရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ-ကူမင်းရထားလမ်း၊ ကားလမ်းစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန် စတဲ့လုပ်ငန်းတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကနေစတင်ပြီး ရှေ့ကို မတိုးနိုင်တော့ပါဘူး။ ဘာကြောင့် ကြန့်ကြာမှန်း ခိုင်ခိုင်မာမာ မသိရဘဲ ကြန့်ကြာနေမှုဟာ တရုတ်တို့ကို လုပ်တိုင်းမဖြစ်စေတဲ့အတွက် " မဖြစ်-ညစ်ကျယ် " ပုံစံမျိုး အသွင်ပြောင်းသွားစေနိုင်တယ်လို့လည်း ပြောရမှာပါ။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒမှာတော့ လမ်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့လျှပ်စစ်မီး ရရှိရေးကို ဦးတည်ခဲ့သလို တရုတ်ရဲ့တံခါးဖွင့်မူဝါဒကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ စက်ရုံအလုပ်ရုံတွေပါ ခွင့်ပြုပေးခဲ့ရမှုတွေ ရှိတယ်လို့မျှဝေပါတယ်။ ဒါပေမဲ့ နည်းပညာနိမ့်ပါးစဉ်၊ စီးပွားရေးနိမ့်ပါးစဉ်က အဆင်ပြေသလိုလုပ်ခဲ့ရမှုကို လက်ရှိ နည်းပညာမြင့်မားလာချိန်မှာ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။ ပိုက်ဆံမရှိခဲ့စဉ်က နည်းပညာမရှိခဲ့စဉ်က အနောက်နိုင်ငံတွေရဲ့လူလည်ကျမှုကို ခံခဲ့ရလို့ဒါကို နည်းနာယူပြီး ကိုယ်တိုင်ချမ်းသာချိန်မှာ အခြားသူတွေကို အနောက်နိုင်ငံလိုမျိုး ဗိုလ်ကျတာမျိုး မလုပ်ဖြစ်အောင်လည်း ထိန်းသိမ်းကြိုးစားနေတယ်လို့ဆိုပါတယ်။ " တစ်မီတာလောက်ပဲ ရှိတဲ့ တယ်လီဖုန်းကြိုးအတွက် အမေရိကန်က ဒေါ်လာ ၃၀၀ တောင်းခဲ့တယ်။ ဒေါ်လာ ၃၀၀ နဲ့ရောင်းပေးတာကို ကျွန်တော်တို့က နည်းပညာမရှိလို့ဝယ်ခဲ့ရပါတယ်။ တစ်ခြားနိုင်ငံတွေလည်း ဈေးကြီးပေးပြီးဝယ်ခဲ့ရတာပါပဲ။ အခု ကျွန်တော်တို့ထုတ်လုပ်နိုင်ချိန်မှာ တစ်မီတာကို ရောင်းပေးတာ ယွမ် ၃၀၀ တောင်မရှိဘူး။ ကျွန်တော်တို့ထုတ်နိုင်ခဲ့လို့ဒေသတွင်းနိုင်ငံတွေမှာ ဈေးသက်သက်သာသာနဲ့သုံးခွင့်ရနေကြတာပါ " လို့သုတေသနစင်တာရဲ့တာဝန်ရှိသူတစ်ဦးက ထမင်းဝိုင်းမှာပဲ ပြောပါတယ်။ တရုတ်နိုင်ငံသားတွေဟာ အမေရိကန်ကို မခံချင်စိတ်နဲ့ကြိုးစားပြီးတော့ နည်းပညာကိုပါ အောက်ကျခံခြစ်ကုပ်သင်ယူရင်းကနေ ဒီကနေ့ဘိုရင်း ၇၃၇ တွေကိုပါ ထုတ်လုပ်နိုင်နေပြီဖြစ်သလို 5G နည်းပညာကိုပါ ကမ္ဘာကိုချပြနေပြီလို့ဆိုပါတယ်။ ဒီလိုမလုပ်နိုင်ခင်က အနောက်နိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့ တရုတ်ဘက်ကပဲ အနစ်နာခံပြီး ပညာသင်ခဲ့ရတယ်၊ ရင်းနှီးငွေတွေ ဆုံးရှုံးခံခဲ့ရတယ်လို့ရင်ဖွင့်တာပါ။ အနောက်နိုင်ငံက နည်းပညာတွေ ရဖို့အတွက် တရုတ်မှာမြေနဲ့လျှပ်စစ်မီးကို အသက်သာဆုံးနှုန်းနဲ့အဆင်ပြေအောင်ဖန်တီးပေးခဲ့ရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ချမ်းသာကြွယ်ဝချင်ရင် လုပ်သင့်လုပ်ထိုက်တာတွေ ဖွင့်ပေးဖို့လိုတယ်လို့တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ ခက်တာက မြန်မာနိုင်ငံသားတွေဟာ တရုတ်နဲ့ပတ်သက်ရင် ဖြစ်သင့်တာထက်ပိုပြီး စိုးရိမ်မှုလွန်ကဲနေတယ်လို့ထောက်ပြကြပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး ဘယ်လိုဖြစ်သင့်လဲ
ဒါကတော့ ရှင်းပါတယ်။ တရုတ်ခေါင်းဆောင်တွေ မကြာခဏပြောထားသလို " သူငယ်ချင်းကိုတော့ ရွေးပြီးပေါင်းလို့ရပါတယ်။ အိမ်နီးချင်းကိုတော့ ရွေးပြီး ပေါင်းလို့မရပါဘူး " ဆိုတဲ့အတိုင်းပါပဲ။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့အိမ်နီးချင်းဖြစ်ခြင်း မဖြစ်ခြင်းကို ရွေးချယ်ခွင့်မရှိပါဘူး။ ဒီတော့ တရုတ်နိုင်ငံနဲ့သင့်မြတ်အောင် နေထိုင်ဖို့က မြန်မာတွေအတွက် မဖြစ်မနေလုပ်ရမယ့်အလုပ်ပါ။ ဒီလိုပဲ တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံနဲ့မပေါင်းဘဲ နေလို့မရပါဘူး။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံကို လိုအပ်နေပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း တရုတ်ကို လိုအပ်နေပါတယ်။ တရုတ်လိုချင်တာ မြန်မာမှာ ရှိနေသလို မြန်မာလိုချင်တာ တရုတ်မှာ ရှိနေပါတယ်။ ကြားဖူးတဲ့ တရုတ်စကားပုံတစ်ခုလိုပါပဲ။ " မင်းမှာ မရှိတာ င့ါမှာရှိတယ်။ င့ါမှာ မရှိတာ မင်းမှာ ရှိတယ်။ မင်းနဲ့ငါ ပေါင်းပြီး ရှိတာတွေပဲ ဖြစ်အောင် လုပ်ကြရအောင် " ဆိုသလိုပေ့ါ။ တရုတ်-မြန်မာ မပေါင်းရင် ဘာဆက်လုပ်ကြမလဲဆိုတာပဲ ဖြေကြည့်ပါ။

(ဆောင်းပါးရှင်က ၂၀၁၉ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းတစ်ခုအဖြစ် ပြန်လည်ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်)

Related news

© 2021. All rights reserved.