တရုတ်၏ COVID-19 ကာကွယ်ဆေးထိုးနှံပြီးမှုသည် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးနှံမှု၏ တစ်ဝက်ကျော်ခန့်ရှိဟုဆို
555
ရောင်နီ ( NP News ) - ဇွန် ၂၁
တရုတ်နိုင်ငံတွင် Covid-19 ကာကွယ်ဆေးထိုးနှံမှုအရေအတွက် ၁ ဘီလီယံကျော်လွန်သွားပြီဖြစ်ကြောင်း ကျန်း မာရေးအရာရှိများက ဇွန်လ ၂ဝ ရက်တွင်ပြောကြားခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်က ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုအရေအတွက် ၂.၅ ဘီလီယံကျော်လွန်သွားပြီဖြစ်ကြောင်း တရားဝင်သတင်းရင်းမြစ်များကဖော်ပြခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်သည်လည်း နိုင်ငံအတွင်းကာကွယ်ဆေးထိုးနှံပြီးစီးမှုပမာဏကို ကြေညာခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမှုယန္တရားကို ဖြေးဖြေးချင်းစတင်လာခဲ့သည့် တရုတ်နိုင်ငံသည် လူဦးရေ၏ရာခိုင်နှုန်းမည်မျှအထိကို ကာကွယ်ဆေးထိုးပြီးကြောင်းကို မရှင်းလင်းသေးကြောင်း သိရသည်။
ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းနှင့် ယခင်က ကာကွယ်ဆေးတုန့်ပြန်မှု အရှုပ်အထွေးများရှိခဲ့ခြင်းကြောင့် နေထိုင်သူများအကြား ကာကွယ်ဆေးထိုးရန် ငြင်းဆန်မှုများ ရှိနေသော်လည်း အာဏာပိုင်များက လူဦးရေ ၁.၄ သန်း၏ ၄ဝ ရာခိုင်နှုန်းကို ယခုလကုန်တွင် ကာကွယ်ဆေး ၂ ကြိမ်ပြည့်ထားနှံပြီးစီးရန် ရည်မှန်းထားကြောင်း သိရသည်။ အချို့သောပြည်နယ်များတွင် အခမဲ့ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အားပေးသည့်အနေဖြင့် ကြက်ဥများဝေခြင်း၊ ဈေးဝယ်ကူပွန်များဝေခြင်းတို့ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ မကြာသေးမီက အိန္ဒိယတွင် ဖြစ်ပွားခဲ့သည့် ကူးစက်မြန် Delta ကိုဗစ်မျိုးကွဲသစ်သည် နိုင်ငံတောင်ပိုင်းကွမ်ကျိုးပြည်နယ်တွင်လည်း တွေ့ရှိလာရပြီးနောက် လူအများကာကွယ်ဆေးထိုးရန် စိတ်အားထက်သန်လာခဲ့ကြောင်းသိရသည်။
နိုင်ငံအတွင်း အခြေအနေအရ အတည်ပြုထားသည့် ကာကွယ်ဆေး (၄) ခုရှိပြီး Pfizer-BioNTechနှင့် Modernaက ဗိုင်းရပ်စ်ကို ၉၅ ရာခိုင်နှုန်းနှင့် ၉၄ ရာခိုင်နှုန်း အသီးသီးကာကွယ်နိုင်စွမ်းရှိကြောင်း ဆေးပညာဆောင်းပါးများ၏ ဖော်ပြချက်အရသိရသည်။ တရုတ်ထုတ် Sinovac ကာကွယ်ဆေးသည် ရောဂါကူးစက်မှုကို ၅ဝ ရာခိုင်နှုန်းနှင့် ဆေးဘက်ဆိုင်ရာ ကုသမှုလိုအပ်သည့် ဗိုင်းရပ်စ်ကူးစက်မှုကို ၈ဝရာခိုင်နှုန်းထိ ကာကွယ်နိုင်ပြီး Sinopharm ၏ကာ ကွယ်ဆေးနှစ်မျိုးသည် သက်ရောက်မှု ၇၉ ရာခိုင်နှုန်းနှင့် ၇၂ ရာခိုင်နှုန်းအသီးသီး ကာကွယ်နိုင်စွမ်း ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ကာကွယ်ဆေး ၃ ဘီလီယံကျော် ထုတ်လုပ်သွားရန် မျှော်မှန်းထားပြီး ပြည်ပကို ကာကွယ်ဆေးပမာဏမည်မျှတင်ပို့သွားမည်ကို မသိရသေးကြောင်းကျန်းမာရေးအာဏာပိုင်များကပြော သည်။
#NPNews