မြဝတီမြို့မှ ဆယ်အိမ်မှူးတစ်ဦးကို အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်သတ်မှုဖြစ်
665
Iris (NP News) - ဇွန် ၂၃
ကရင်ပြည်နယ် မြဝတီမြို့၌ ဆယ်အိမ်မှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွားသည့်ဖြစ်စဉ်တစ်ခု ဇွန်လ(၂၁)ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းအပေါ် လူမှုကွန်ရက်၌ သတင်းလွဲမှားမှုအချို့ထွက်ပေါ်နေကြောင်း သိရသည်။
လူမှုကွန်ရက်အချို့တွင် ထွက်ပေါ်လာသောသတင်းများ၌ အသတ်ခံရသူမှာ မြဝတီမြို့မှ ရာအိမ်မှူးဟူ၍လည်းကောင်း၊ PDF တပ်သားများက သတ်ဖြတ်သွားသည့်သဘောမျိုးဖြင့်လည်းကောင်း၊ ဇွန်လ(၂၃)ရက် နံနက်ပိုင်း၌ဖြစ်ခဲ့သည်ဟူ၍လည်းကောင်း ပုံစံမျိုးစုံဖြင့် ရေးသားနေကြခြင်းလည်း ဖြစ်သည်။ " ကျွန်တော် ဒီမနက်ပဲ သွားကြည့်ပြီးပြီ။ အသတ်ခံရတာက ဇွန်လ ၂၁ ရက် ညပိုင်းကဖြစ်တာ။ ကားတစ်စီးက အိမ်ရှေ့ရောက်လာပြီးတော့ ကားမှန်ကိုချပြီး ပစ်သွားတာလို့ သိရတယ်။ ချက်ခြင်း ဆုံးသွားတာမဟုတ်ဘူး။ မော်လမြိုင်ကို ပို့ရင်းနဲ့လမ်းကျမှ ဆုံးသွားတာ။ ပြီးတော့ ရာအိမ်မှူးလည်း မဟုတ်ဘူး။ ဆယ်အိမ်မှူးပါ။ ပြောရရင် ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူးနဲ့အတူ ဝိုင်းကူလုပ်နေတဲ့အထဲက တစ်ယောက်ပါ " ဟု မြဝတီအခြေစိုက် သတင်းထောက်တစ်ဦးက NP News ကို ဇွန်လ ၂၃ ရက်၌ အတည်ပြုပြောကြားသည်။ အထူးသဖြင့် အသတ်ခံရသူမှာ စစ်ကောင်စီထံသတင်းပေး ဒလန်လုပ်သည်ဆိုသော သတင်းမျိုးဖြင့် ဝါဒဖြန့်ခံနေရပြီး သာမန်လူမှုရေးဆန်သောဖြစ်ရပ်ကို နိုင်ငံရေးနှင့်ရောယှက်ကြခြင်းမျိုးဖြစ်နေကြောင်းလည်း ကြားသိရသည်။ သေဆုံးသူမှာ မြို့နယ်အတွင်း၌ အိမ်ခြံမြေကိစ္စများအရှုပ်အထွေးအနည်းငယ် ရှိနေပြီး ယင်းဖြစ်ရပ်ကြောင်း အသတ်ခံရခြင်းဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
မြဝတီမြို့အမှတ် (၂) ရပ်ကွက်၊ မြို့ပတ်လမ်းတွင်နေထိုင်သူ အသက်(၅၈)နှစ်အရွယ် ဆယ်အိမ်မှူး ဦးသန်းဌေး ၅၈ ကို သတ်ဖြတ်သွားကြသူများမှာ ထွက်ပြေးတိမ်ရှောင်နေဖွယ်ရှိပြီး ရဲတပ်ဖွဲ့ဘက်ကလည်း စုံစမ်းရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ကြားသိရသည်။