တရားမဝင် လူကုန်ကူးခိုးဝင်စေခြင်းနဲ့ မူးယစ်ဆေးကိစ္စတွေကို လုံးဝသက်ညှာမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြာစောင့်တပ် ညွှန်ချုပ် ပြော
625
မိုးတိမ် (NP News) - ဇွန် ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တရားမဝင်လူကုန်ကူးတဲ့ကိစ္စမျိုးတွေနဲ့ မူးယစ်ဆေးသယ်ဆောင်ကုန်ကူးမှုတွေကို ညှာတာထောက်ထားမှု လုံးဝထားမှာမဟုတ်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shafeenul Islam က ပြောကြားလိုက်ပါတယ်။
မြန်မာဘက်ခြမ်းကနေ ဘင်္ဂါလီသုံးဦးက ဇွန်(၂၃)ရက်ညပိုင်းမှာ ခိုးဝင်ဖို့ကြိုးစားခဲ့မှုဖြစ်စဉ်အပြီးမှာပဲ နယ်ခြားစောင့်တပ်ရဲ့ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကို အတိအလင်းပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ “R-ဂျာတွေက မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်ထဲကို မကြာခဏ ခိုးဝင်လာတာတွေ ရှိနေတယ်။ မနေ့ညကတောင် သုံးဦးက လှေနဲ့ခိုးဝင်လာခဲ့တယ်။ ဒါပေမဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တွေ့ပြီးတဲ့နောက်မှာ မြန်မာဘက်ကိုပဲ ပြန်သွားကြတယ်။ ဒါက သိပ်ကောင်းတယ် ” လို့ ညွှန်ချုပ် Shafeenul Islam က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းထဲမှာ တင်းကျပ်တဲ့သတ်မှတ်ချက်အဖြစ် စတင်ကျင့်သုံးနေတာကတော့ ခိုးဝင်သူတွေကို ခိုးဝင်လာနိုင်အောင် လူကုန်ကူးတဲ့လူတန်းစားတစ်ရပ်အပေါ်မှာ ညှာတာထောက်ထားမှု Zero အဆင့်အထိ သတ်မှတ်ထားပြီး လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ အတိအလင်းပြောပါတယ်။ အထူးသဖြင့် ဒီသတ်မှတ်ချက်ဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပေါ်မှာ အမြတ်ထုတ်မှု မရှိအောင်လည်း ဦးတည်ထားသလို မူးယစ်ဆေးဝါးဖြတ်ကျော်ကုန်သွယ်မှုတွေကိုလည်း ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးအဖြစ် မြန်မာနဲ့အိန္ဒိယကို အဓိကစောင့်ကြည့်နေရတာဖြစ်သလို အဲဒီနှစ်နိုင်ငံလုံးနဲ့မဆိုင်ဘဲ အခြားသော သီးခြားလမ်းကြောင်းတွေကနေ ဝင်လာမယ့် နယ်စပ်ဖြတ်ကျော်ကိစ္စမှန်သမျှကို သတိထားစောင့်ကြည့်နေတယ်လို့ ညွှန်ချုပ်က ပြောကြားထားပါတယ်။