မြန်မာအိမ်အကူအား အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ စင်ကာပူအိမ်ရှင်အမျိုးသမီးကို ထောင်ဒဏ်အနှစ်(၃၀)မှ(၂၀)သို့ ပြောင်းလဲ
632
ရောင်နီ (NP News) - ဇွန် ၂၇
အသက် ၄၁ နှစ်အရွယ် စင်ကာပူအမျိုးသမီး Gaiyathiri Murugayan ဟာ ၎င်းတို့အိမ်မှာ အလုပ်လုပ်နေတဲ့ ချင်းတိုင်းရင်းသူ မြန်မာအိမ်အကူအမျိုးသမီးကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က အိမ်တွင်းအကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် အနှစ် ၃၀ ထိ ချမှတ်ခံထားရတာကနေ ထောင်ဒဏ်နှစ်(၂၀)သို့ ပြောင်းလဲသတ်မှတ်ခံလိုက်ရပါတယ်။
ဒီလိုသတ်မှတ်ရခြင်းဟာလည်း အခြားကြောင့်မဟုတ်ဘဲ သူမမှာ စိတ်ရောဂါဝေဒနာ ခံစားနေရခြင်းကို တွေ့ရှိလာခဲ့ပြီးနောက် ယင်းထောင်ဒဏ် အနှစ်(၃၀)ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ကာ ထောင်ဒဏ် အနှစ် ၂၀ ထိသာ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်တယ်လို့ တနင်္ဂနွေနေ့ ( ဇွန် ၂၇ ရက်နေ့ ) မှာ သိရပါတယ်။ မြန်မာအမျိုးသမီး အိမ်အကူဟာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်း ခံခဲ့ရပြီး ပါးရိုက်ခြင်း၊ တွန်းခြင်း၊ လက်သီးနဲ့ထိုးခြင်း၊ ကန်ခြင်း၊ ၊ တံမြက်စည်း၊ သတ္တုခဲ စတဲ့အရာဝတ္ထုများနဲ့ တိုက်ခိုက်ခြင်း၊ သံပူ၊ မီးပူနဲ့ နဖူး၊ လက်မောင်းပေါ်ကို တို့ခြင်းစတဲ့ အိမ်ရှင်တွေရဲ့ အနိုင်ကျင့်မှုတွေကို နေ့စဉ်ရက်ဆက်ခံခဲ့ရတာ
ဖြစ်ပါတယ်။ သူမဟာ ပြတင်းပေါက်နားက တိုင်မှာ ကြိုးနှင့်ချည်ကာ ချုပ်ထားခြင်းကို သူမအိမ်အကူ သက်တမ်းတစ်လျှောက်(၁၂)ညလောက်ထိ ခံစားခဲ့ရပြီး တစ်ညကို ၅ နာရီသာ အိပ်ခွင့်ရခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မေလက စတင်ပြီး ယင်းအိမ်မှာ အိမ်အကူလုပ်ရတဲ့ မြန်မာချင်းတိုင်းရင်းသူဟာ မူလက ကိုယ်အလေးချိန် ၃၉ ကီလိုဂရမ်ရှိခဲ့ရာမှ စိတ်ဖိစီးမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ အစာရေစာ ကောင်းကောင်းမစားရခြင်းတို့ကြောင့် ၁၄ လကြာပြီးနောက် သူမသေဆုံးခဲ့ချိန်မှာတော့ ၂၄ ကီလိုဂရမ်သာ ရှိခဲ့ပါတယ်။ သူမရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ အခါမှာလည်း မကြာသေးမီကမှ ရရှိထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာ အမာရွတ် ၃၁ ခုနဲ့ ခန္ဓာကိုယ်ပြင်ပတစ်လျှောက် ဒဏ်ရာပေါင်း ၄၇ ခုကို တွေ့ရှိခဲ့ပါတယ်။
ယင်းအတွက်ကြောင့် အိမ်ရှင်အမျိုးသမီး Gaiyathiri Murugayan ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လမှာတော့ သူမရဲ့ ပြစ်ဒဏ်တွေအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူမဟာ အခင်းဖြစ်ပွားစဉ်က သားဖြစ်သူကို ကိုယ်ဝန်ဆောင်ထားရကာ စိတ်ကျဝေဒနာ ခံစားနေခဲ့ရခြင်းကို ပြန်လည်အကဲဖြတ်ကာ လူသတ်မှုစွဲချက်မှ ပြန်လည်လျှော့ချခဲ့ပါတယ်။ သူမရဲ့ စိတ်ကျဝေဒနာနဲ့ စိတ်ရောဂါ ( OCPD ) ဟာ သူမကို ပြစ်မှုကျူးလွန်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်တယ်လို့ တရားရုံးက ယူဆခဲ့ပါတယ်။ သူမရဲ့ ရှေ့နေတွေက သူမဟာ သားဖွားပြီးနောက် မိသားစုဝင်များအပေါ် ဒေါသအမျက်ထွက်တဲ့အခါ အကြမ်းဖက်မှုကို ရုတ်တရက် ကျူးလွန်မိသွားလေ့ရှိကြောင်း၊ OCPD ဟာ စိတ်ဖိစီးမှုတွေကို ဖန်တီးပေးပြီး နောက်ဆုံးမှာ ဒေါသပေါက်ကွဲမှုများ ဖြစ်စေတတ်ကြောင်း ပြောဆိုလျှောက်တင်ခဲ့ပါတယ်။ ယင်းနောက် Gaiyathiri ရဲ့ စိတ်ရောဂါ အခြေအနေကို လျစ်လျူရှုမရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ဆိုးဝါးခြင်း၊ သူမယခင်ခန့်ထားခဲ့တဲ့ အိမ်အကူတွေတုန်းကလည်း မည်သည့်တိုင်ကြားချက်များမှ မရှိခဲ့ခြင်းကို တရားသူကြီးက ပြန်လည်စဉ်းစားကာ သူမရဲ့ ထောင်ဒဏ်ကို ယခင် အနှစ် ၃၀ ထိ ချမှတ်ခဲ့ရာမှ ယခုအနှစ် ၂၀ ထိသာ ကျခံစေဖို့ ပြန်လည်ချမှတ်လိုက်ပါတယ်။
Gaiyathiri ရဲ့ခင်ပွန်းဟောင်း Kevin Chelvam နဲ့ သူမရဲ့မိခင်၊ အသက် ၆၂ နှစ်ရှိ Prema S. Naraynasamy ဟာလည်း အိမ်အကူကို နှိပ်စက်ညှင်းပမ်းခြင်းကြောင့် စွဲချက်တင်ခံခဲ့ရကာ လတ်တလောမှာတော့ ၎င်းတို့ရဲ့ အမှုတွေကို ဆိုင်းငံ့ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။