ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ထုတ်သည့်စက်ရုံ တည်ဆောင်လှူဒါန်းရန် နန္ဒာလှိုင် စတင်ပြင်ဆင်နေပြီ

 1405

NP News - ဇူလိုင် ၉

ဦးဇေသီဟနှင့် ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် နန္ဒာလှိုင်တို့ဇနီးမောင်နှံမှ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ထုတ်သည့် စက်ရုံအသေးစားလေးတစ်ခုကို လှူဒါန်းပေးချင်သဖြင့် သိသည့်သူများ လမ်းညွှန်ပေးပါဟု ယနေ့ ဇူလိုင်လ ၉ ရက် ညပိုင်းက သူမအကောင့်တွင် ရေးသားဖော်ပြလာသည်။

ကိုဗစ်လူနာများသည် အောက်ဆီဂျင်ကျဆင်မှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အောက်ဆီဂျင်ဗူးများ ဝယ်ယူရသည့် အနေအထားသည်လည်း အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။

"Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်" ဟု ရေးသားထားသည်။

သူမအနေဖြင့် မြေပြင်မှာ ပြည်သူလူထု အမှန်တကယ်လိုအပ်နေသည့် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်ရန် ပြည်ပမှ မှာကြားလျှင် ရမည်ဆိုသော်လည်း ယခုတပတ်အတွင်း တည်ဆောက်ပေးချင်ခြင်းဖြစ်သည့်အတွက် ပြည်တွင်းက ပံ့ပိုးကူညီပေးနိုင်မည့်သူများကို အကူအညီတောင်းခံနေခြင်းဖြစ်သည်။

သူမ၏ ခင်ပွန်းသည် ဦးဇေသီဟကတော့ "အခုလှူဒါန်းမှုကို သာဓုခေါ်ဆိုကြတာ နောက်မှသာ ခေါ်ပါ။ အခုလောလောဆယ် တကယ်ရောင်းပေးမယ့် အဆက်အသွယ်ကိုပြောပေးကြပါလားဗျာ" ဟု ၎င်းတင်ထားသည့် ပိုစ့် ကွန်းမန့်တွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ယနေ့ ဇူလိုင်လ ၉ ရက် ကိုဗစ်ဓါတ်ခွဲနမူနာပေါင်း (၁၅၇၄၇) ခုအားစစ်ဆေးခဲ့ရာတွင် ၄၃၂၀ ဦးသည် ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၆၄ ဦး ထပ်မံသေဆုံးခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.