ကိုဗစ်ပြသနာကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ဆက်လုပ်ခွင့်သက်တမ်းတစ်နှစ် ထိုင်းအစိုးရက ထပ်တိုးပေး

 733

မိုးတိမ် (NP News) - ဇူလိုင် ၁၄
မြန်မာအပါအဝင် ထိုင်းကိုရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို သက်တမ်းလွန်နေပြီဖြစ်ပေမယ့် ကိုဗစ်ပြသနာတွေကြောင့် နေရပ်မပြန်ခိုင်းဘဲ အလုပ်လုပ်ခွင့်ပါမစ်ကို နောက်ထပ်တစ်နှစ်ထပ်နေခိုင်းဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကူးစက်မှုတွေပြန်လည်မြင့်တက်လာပြီးတဲ့နောက်မှာတော့ ထိုင်းအစိုးရဟာ နိုင်ငံတွင်းမှာရှိနေတဲ့ သန်းနဲ့ချီသော ရွှေ့ပြောင်းလုပ်သားတွေရဲ့အသွားအပြန်ကိစ္စတွေကို သီးခြားထပ်မံလုပ်ဆောင်ပေးမယ့်အစား ဆက်လက်နေထိုင်ခွင့်ပြုပေးပြီးတော့ ကူးစက်မှုကို ထိန်းထားချင်တဲ့သဘောမျိုး ဖြစ်တယ်လို့ ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ဇူလိုင်လ ၁၄ ရက်မှာ ရေးသားထားပါတယ်။ အထူးသဖြင့် ဒီဆုံးဖြတ်ချက်ဟာ ထိုင်းအစိုးရအဖွဲ့ရဲ့ဇူလိုင်(၁၃)ရက်က အစည်းအဝေးအပြီးမှာ အတည်ပြုလိုက်ခြင်းဖြစ်တယ်လို့ အလုပ်သမားရေးရာဝန်ကြီး ဆူချက်ချွမ်ကလင်က မီဒီယာတွေကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရဘက်က အတည်ပြုပေးလိုက်တဲ့ ရွေ့ပြောင်းလုပ်သားတွေဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ကနေ လာရောက်ကြတဲ့သူတွေဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေမှာလည်း ကိုဗစ်တတိယလှိုင်းကို အလူးအလဲခုခံကာကွယ်နေရတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရဟာ နိုင်ငံတွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့လုပ်သားတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းကနေ ၂၀၂၀ သြဂုတ်လအထိ တစ်ကြိမ် သက်တမ်းတိုးပေးခဲ့ဖူးသလို ၂၀၂၀ မှာလည်း ကိုဗစ်ကြောင့် သက်တမ်းတိုးပေးခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒီတစ်ကြိမ်သက်တမ်းတိုးမှုကတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကနေ ၂၀၂၂ ဇူလိုင်လ ၂၇ ရက်အထိ တစ်နှစ်သက်တမ်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ သက်တမ်းတိုးခံရတဲ့လုပ်သားအများစုဟာလည်း အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်နေသူတွေလည်း ပါဝင်နေသလို ဇူလိုင်လ ၃၁ ရက်မှသာ သက်တမ်းကုန်မယ့်သူတွေလည်း ပါဝင်နေပါတယ်။

တစ်နှစ်သက်တမ်းတိုးပေးထားတဲ့ကာလအတွင်းမှာတော့ မူလအလုပ်မှာ ပြန်လည်လုပ်ခွင့်ရသည်ဖြစ်စေ၊ လုပ်ခွင့်မရသည်ဖြစ်စေ နောက်ထပ်(၆)လအတွင်းမှာ အလုပ်အကိုင်တစ်ခုခုကို အကောင်အထည်ပြန်လည်ပြသပေးရမယ့်သဘောမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.