မြန်မာနဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အတွက်ကိုသာရည်ရွယ်ပြီး ကိုဗစ်ထိုးဆေးအသစ် သုံးသန်းခွဲကို အမေရိကန်က ပေးပို့လှူဒါန်း

 1774

မိုးတိမ် (NP News) - ဇူလိုင် ၁၇
မြန်မာနဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကိုဗစ်ကာကွယ်ထိုးဆေး သုံးသန်းခွဲကို မကြာခင် ရက်ပိုင်းအတွင်း ပေးပို့မှာဖြစ်တယ်လို့ အမေရိကန်က အသိပေးကြေညာလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ကိုဗစ်ထိုးဆေးမျှဝေပေးခြင်းအစီအစဉ်အတွက် အာရှဒေသထဲမှာဆိုရင် ဘင်္ဂလားဒေ့ရှ်ကို စတင်ပေးပို့ခြင်းမျိုးဖြစ်ပြီး ပေးပို့မယ့်ထိုးဆေးအသစ်ဟာလည်း မိုဒါနား(Moderna) လို့အမည်ရသလို ယခင်ကြားဖူးနေကျ ထိုးဆေးမျိုးမဟုတ်ဘူးလို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းစာ ဒေးလီးစတားရဲ့ဖော်ပြချက်အရ အဆိုပါထိုးဆေးတွေဟာ ဇူလိုင်လ(၁၉)ရက်မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။ “ ဆေးသိပ္ပံဘက် ပညာရှင်တွေနဲ့ လုပ်ထုံးလုပ်နည်းနားလည်တတ်ကျွမ်းတဲ့ နှစ်နိုင်ငံလုံးက တာဝန်ရှိသူတွေဟာ ထိုးဆေးတွေ မှန်မှန်ကန်ကန် လုံလုံခြုံခြုံနဲ့ အလျင်မီမီ ရောက်ရှိစေဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်နေကြပါပြီ ” လို့ အမေရိကန် ကျန်းမာရေးဘက်က တာဝန်ရှိသူတွေက မီဒီယာတွေကို ဇူလိုင်လ(၁၇)ရက်မှာ အသိပေးပြောကြားပါတယ်။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်အသိပေးကြေညာထားပြီးသားဖြစ်တဲ့ ကမ္ဘာတစ်လွှားဆီကို ကိုဗစ်ကာကွယ်ထိုးဆေး ဖြန့်ဝေပေးရေးအစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း အာရှဒေသထဲမှာ ကိုဗစ်ကာကွယ်ဆေးမထုတ်နိုင်တဲ့ နွမ်းပါးတဲ့နိုင်ငံတွေများစွာရှိထားတဲ့အထဲကမှ ဘင်္ဂလားဒေ့ရှ်ဆီကို ကနဦးပို့ဆောင်တာမျိုးဖြစ်ပါတယ်။ မြန်မာအပါအဝင် အခြားသော နွမ်းပါးတဲ့နိုင်ငံတွေဆီကို ပို့ဆောင်ဖြစ်ဦးမလားဆိုတာကိုတော့ အမေရိကန်ဘက်က အတိအလင်းဘာမှ အသိပေးထားမရှိသေးပါဘူး။

အမေရိကန်အနေနဲ့ ယူကရိန်းကိုလည်း ကိုဗစ်ကာကွယ်ဆေးနှစ်သန်းကို ဇူလိုင်လ(၁၆)ရက်ကတည်းက စတင်ပို့ဆောင်နေပြီဖြစ်ပြီး ဖြန့်ဝေရေးအစီအစဉ်ထဲမှာတော့ အမေရိကန်ဘက်က အလိုရှိတဲ့နိုင်ငံတွေကိုသာ ဦးစားပေးနေတဲ့သဘောမျိုး ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

Related news

© 2021. All rights reserved.