ကိုဗစ်ကာကွယ်ထိုးဆေး(၆)သန်းကို ပြည်သူများအား ထိုးနှံပေးမည်ဟု NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြော

 1506

အေဝိုင်အီး (NP News) – ဇူလိုင် ၂၅
ကိုဗစ်ကာကွယ်ဆေး(၆)သန်း ရရှိထားပြီး နယ်စပ်ဒေသလမ်းကြောင်းများတစ်ဆင့်နှင့် တတိယ အဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများထံ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ဒေါက်တာဆာဆာက ကိုဗစ်ဆေး(၄)သန်း ရမည်ဖြစ်ပြီး ပြည်သူများကို ထိုးနှံပေးမည်ဟု ပြောကြားထားသည့်စကားကြောင့် ဇူလိုင် ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ၌ မီဒီယာသမားတစ်ဦးက ထည့်သွင်းမေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ “ Cross Border ရော Third Party ဆိုတဲ့ တတိယအဖွဲ့အစည်းတွေကနေ ထိုးပေးမယ်လို့ ပြောခဲ့တာရှိတယ်။ တတိယအဖွဲ့အစည်းဆိုရင် မင်္ဂလာဒုံလေဆိပ်ကနေ ယူလာမှာပေ့ါနော်။ တတိယအဖွဲ့အစည်းအနေနဲ့ ဒါကိုတာဝန်ယူပြီး ယူလာမယ်၊ ထိုးပေးမယ်ပေ့ါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ဒီလောက်ပဲ ပြောနိုင်မယ် ” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။ အထူးသဖြင့် တတိယအဖွဲ့အစည်း၏ လုံခြုံရေးအရ ယင်းကဲ့သို့ပြောကြားခြင်းဖြစ်ပြီး နယ်စပ်ဒေသများတွင်လည်း KNU နယ်မြေတွင်သာမက အခြားသောနယ်မြေများကိုပါ ထိုးနှံပေးနိုင်ရန် ကော်မတီဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်းလည်း ဆိုသည်။ “ ကျွန်တော်တို့ဆီမှာ အခုရှိထားတဲ့စာရင်းအရတော့ ဆေး(၆)သန်း ရဖို့ရှိတယ်။ ဒါပေမဲ့ ဒါကတစ်ဆင့်ပြီးတစ်ဆင့် ရမှာ။ နောက်ထပ်ဆက်ပြီး ရရှိဖို့လည်း ရှိတယ်လို့ ပြောချင်ပါတယ် ” ဟု ဒေါက်တာ ဇော်ဝေစိုးက ဆက်လက်ပြောကြားသည်။ အဆိုပါဆေးများနှင့်ပတ်သက်၍လည်း ပြည်သူ့အစိုးရလက်ထက်ကတည်းက မှာယူထားခြင်းမျိုးဖြစ်ပြီး ဆေးအမည်များကိုလည်း အသိပေးကြေညာထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါလုပ်ငန်းစဉ်များမှာ အသေးစိတ်ပြင်ဆင်ဆွေးနွေးနေပြီဖြစ်သည့်အတွက် မကြာခင်အကောင်အထည်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ ယင်းအပြင် နိုင်ငံတကာအလှူရှင်များထံမှ ရရှိမည့်အပိုင်းကိုပါ ထည့်သွင်းစီစဉ်နေခြင်းဖြစ်ကြောင်းနှင့် အသေးစိတ်ကို လုံခြုံရေးအရ ပြောလိုခြင်းမရှိသေးကြောင်းလည်း ဆိုသည်။

Related news

© 2021. All rights reserved.