ကိုဗစ်နှင့်ဆက်စပ်သတင်းများတွင် မိမိနှင့်မိသားစုအသက် ရင်းရသည်အထိ မည်သူ့အပေါ်မဆို ယုံကြည်မှုမလွန်ကဲစေလိုကြောင်း ဆေးပညာရှင် သတိပေး
1078
အေဝိုင်အီး (NP News) - ဇူလိုင် ၂၉
ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ မည်မျှပင်ယုံကြည်ရသူဖြစ်စေကာမူ မိမိနှင့် မိသားစုအသက်ကိုရင်းရသည်အထိ ယုံကြည်မှုမလွန်ကဲစေလိုကြောင်း ဆေးဘက်ဆိုင်ရာပညာရှင်အချို့က ထောက်ပြသတိပေးလိုက်သည်။
ယင်းဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်နှင့်ယှဉ်၍ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုမကြီးထွားစေရန် သတိပေးခြင်းမျိုးဖြစ်ပြီး အိန္ဒိယတွင် ယုံကြည်စိတ်ချရသည်ဆိုသော ထင်ရှားကျော်ကြားသူများ၏ သတင်းစကားအမှားများကြောင့် အသက်ဆုံးရှုံးရသူများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။ အဓိကအားဖြင့် အိန္ဒိယ၌ ထင်ရှားကျော်ကြားသောနိုင်ငံရေးသမားများ၊ ဆရာဝန်များနှင့် လူထုကိုကိုယ်စားပြုကြသောသူများက ကိုဗစ်ကိုနွားမစင်၊ နွားကျင်ငယ်ရေးတို့ဖြင့် ပျောက်ကင်းနိုင်သည်ဟု သတင်းစကားအမှားများ ပြောကြားခဲ့မှုမှတစ်ဆင့် ကမ္ဘာလူသေဆုံးမှု ဒုတိယနေရာအထိ တက်လှမ်းသွားခဲ့ဖူးသည်ကိုလည်း တွေ့ရသည်။
“ သူ့ကို လေးစားတာယုံကြည်တာ မှန်ပေမယ့် သူ့အကြံဉာဏ်ကိုယူတဲ့နေရာမှာ ရင်းရမှာက ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်။ အဲဒီအတွက် လွယ်လွယ်မယုံကြဖို့လိုပါတယ်။ ဥပမာဗျာ။ တစ်သိန်းတန်ရင်းထားတဲ့အလုပ်ဆိုရင် ဖြတ်ကနဲလုပ်ရင်လုပ်မိမယ်။ သိန်းတစ်ထောင်ရင်းရပြီဆိုရင် ကျွန်တော်တို့ စဉ်းစားပြီမဟုတ်လား။ ဒီလိုပဲ ကိုယ့်အသက်၊ ကိုယ်မိသားစု၊ ဆွေမျိုးတွေရဲ့အသက်တွေက သိန်းတစ်ထောင်မက တန်တယ်။ အလုပ်တစ်ခုတောင် ရှုံးမှာစိုးလို့ သေချာစဉ်းစားပြီးမှ လုပ်ရင် ဒီလိုမျိုးတန်ဖိုးကြီးတဲ့ လူ့အသက်တွေဆုံးရှုံးရမှာကို ကြောက်ကြပါလို့ပဲ ပြောချင်တယ် ” ဟု ကိုဗစ်ဆိုင်ရာအကြံပေးဆရာဝန် ဒေါက်တာပြည့်ထူးက ပြောသည်။
အထူးသဖြင့် ကိုဗစ်ကပ်ရောဂါအရေးတွင် လူမှုကွန်ရက်များ၌ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ပြောဆိုရေးသားနေမှုများ ရှိနေသည့်အပြင် သတင်းအမှား၊ အယူအဆအမှားများကိုပါ ဖြန့်ဝေနေကြသည့်အတွက် လူထုက ထင်ရောင်ထင်မှားဖြင့် လုပ်မိလုပ်ရာလုပ်ခြင်းမှတစ်ဆင့် လူ့အသက်များစွာဆုံးရှုံးရခြင်းများ ဖြစ်နိုင်သောကြောင့် သတိပေးခြင်းလည်း ဖြစ်သည်။
“ ကျွန်တော်ပြောတဲ့စကားဖြစ်နေလည်း ဟုတ်ရဲ့လားဆိုတာ ချိန်ဆပြီးမှ လုပ်စေချင်တယ်။ ကိုယ့်အသက်တွေကို လွယ်လွယ်ယုံပြီး မရင်းစေချင်ဘူး။ အသိဉာဏ်လေးကပ်ပြီး လုပ်စေချင်တယ် ” ဟု ၎င်းက ဆက်လက်အကြံပြုပြောကြားသည်။ အထူးသဖြင့် စိုးရိမ်ပူပန်မှုဖြင့်နေထိုင်ကြရသော ပြည်သူများအား သတင်းအမှားများဖြင့် ဖြန့်ဝေ၍ ဘေးဒုက္ခများထပ်မံပေးခြင်းမျိုးကိုလည်း စေတနာမှန်နေသည့်တိုင် သက်ဆိုင်သူတစ်ဦးချင်းစီက သတိထားပေးသင့်ကြောင်းလည်း တိုက်တွန်းပြောကြားသည်။
#NPNews