မိတ္ထီလာရှိ ခရိုင်ပညာရေးမှူးရုံး၊ စာသင်ကျောင်းများနှင့် လဝကရုံးအပါအဝင် အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ခဲ့သည့် ရွှေအုန်းပင်နှင့်ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

 1832

Iris (NP News) - ဇူလိုင် ၂၉
မိတ္ထီလာမြို့ရှိ လဝကရုံးနှင့် ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများကို အကြမ်းဖက်ဖောက်ခွဲမှုလုပ်ခဲ့သူများ ထဲမှ ရွှေအုန်းပင်ထမင်းဆိုင်နှင့်ဆက်စပ်သည့် တရားခံလေးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိတ္ထီလာမြို့နယ်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသောတပ်ဖွဲ့ဝင်များ၏ သတင်းများကို PDF သင်တန်းဆင်းလာသူများထံ သတင်ပေးနေသည့် သိန်းသိန်းအိ(ခ) ကုလားမကို ဇူလိုင်လ(၂၆)ရက်တွင် စတင်ဖမ်းဆီးရမိခဲ့ရာမှတစ်ဆင့် ဇူလိုင်လ(၂၈)ရက်အထိ လေးဦးဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သိန်းသိန်းအိဆိုသောအမျိုးသမီးကို မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်၊ သာယာကုန်း(၂) နယ်မြေရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ထွက်ဆိုချက်အရ TNLA နယ်မြေတွင် ဖောက်ခွဲရေး သင်တန်းတက်ရောက်ပြီးသည့်နောက် မိတ္ထီလာမြိုသို့ ပြန်လည်ရောက်ရှိနေသည့် အောင်ချစ်ကိုဆိုသူကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ၎င်းတိမ်းရှောင်နေထိုင်သည့် မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ အင်းဝဘဏ်လမ်းရှိ 7 Star ကုန်မာဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားခံအားလက်ခံထားရှိသည့် 7 Star ကုန်မာဆိုင်ပိုင်ရှင် ပြည်သူနှင့် ဇနီးဖြစ်သူ စိုးနိုဘယ်တို့ကိုပါ နံနက်ပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။ တရားခံ ပြည်သူ၏ထွက်ဆိုချက်အရ အောင်ချစ်ကိုအပ်နှံထားသည့် လက်လုပ်သေနတ်နှစ်လက်ကို လပ်ကီးစတားကုန်မာဆိုင်ခွဲမှ ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
တရားခံ အောင်ချစ်ကို၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် သူရိန်စိုးနှင့်အတူ မိတ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးကိုလည်းကောင်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ မြို့နယ်လဝကရုံးကိုလည်းကောင်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း၊ မေလ ၆ ရက်တွင် သူရိန်စိုး၊ ထင်လင်း၊ ဝေမှူး၊ ခိုင်မြဲဇော်၊ တရုတ်လေး၊ ကျော်ဇင်ဟန်၊ ပန်ချာ၊ ထက်ဝေယံတို့နှင့်အတူ မိတ္ထီလာမြို့နယ်၊ ကျွဲတလင်း အုပ်စု၊ မယ်ဇလီပင်ကျေးရွာရှိအမက(၃၀)ကျောင်း၌ ဆရာ/ ဆရာမများမှ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ် အစည်းအဝေးပျက်စေရန်နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိစေရန်ရည်ရွယ်၍ ကျောင်းဝင်းအတွင်းသို့ လေးခွများဖြင့် ပစ်ခြင်း၊ ကျောင်းဝင်းအတွင်းဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၃ စီးကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မေလ ၇ ရက်တွင် သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအတွင်း ဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၆ စီးကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးခြင်းများတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အသုံးပြုသည့်လက်လုပ်မိုင်းများကို ဇွန်လ ၆ ရက်တွင် ရွှေအုန်းပင်ထမင်းဆိုင်၌ လက်လုပ်မိုင်းများပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သောတရားခံစိုးရန်နိုင်ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မိတ္ထီလာမြို့ပေါ်တွင် အဖျက်လုပ်ငန်းနှင့် အပြစ်မဲ့ပြည်သူများအားပစ်ခတ် လုပ်ကြံမှုများပြုလုပ် နိုင်ရန် ရည်ရွယ်ချက်ဖြင့် တရားခံအောင်ချစ်ကိုသည် ဆက်စပ်တရားခံ ပိုင်ဇေ(ဖမ်းဆီးရမိ)ထံမှ ချိတ်ဆက်၍ လက်လုပ်သေနတ် ၂ လက်ကို ရယူခဲ့ခြင်းကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Related news

© 2021. All rights reserved.