တရုတ်ရဲ့ပြည်နယ်(၃)ခုမှာ Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုများရှိနေပြီ
1010
ရောင်နီ (NP News) - ဇူလိုင် ၂၉
တရုတ်နိုင်ငံမှာ အရှေ့ပိုင်းလေဆိပ်ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအစုအဖွဲ့ကြောင့် အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်စမ်းသပ်ခြင်းနဲ့ ကာကွယ်ဆေးထိုးမှုများ ဆောင်ရွက်နေတဲ့ကြားကနေ ယင်းဗိုင်းရပ်စ်အစုအဖွဲ့နဲ့ ဆက်စပ်ပြီး ပြည်နယ်(၃)ခုမှာ ကူးစက်မှုနှုန်းမြန်ဆန်တဲ့ Delta ကိုဗစ်မျိုးကွဲ အသေးစားကူးစက်မှုများ ပေါ်ပေါက်လာခဲ့ကြောင်း ကြာသပတေးနေ့ (ဇူလိုင် ၂၉) ရက်နေ့မှာ သိရပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က Jiangsu ပြည်နယ်၊ နန်ကျင်းလေဆိပ်မှ အလုပ်သမား(၉)ဦး ဗိုင်းရပ်စ်ကူးစက်မှု Positive ဖြစ်ခဲ့ပြီးနောက် ပြည်နယ်အတွင်း ပိုးကူးစက်လူနာ(၁၇၁)ဦးအထိရှိလာကာ နောက်ထပ်ပြည်နယ် ၃ ခုကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ လပေါင်းများစွာအတွင်း အကြီးမားဆုံးကူးစက်ပျံ့နှံ့မှုတစ်ခု ဖြစ်လာပြီး အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်စမ်းသပ်ခြင်း၊ လော့ဒေါင်းချမှတ်ခြင်း၊ ကူးစက်မှုအဆက်အသွယ် ခြေရာကောက်ရှာဖွေခြင်းတို့နဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်စ်တိုက်ဖျတ်ရေး အားထုတ်မှုကို စိန်ခေါ်နေပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို Wuhan မြို့မှာ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပေမယ့် တရုတ်နိုင်ငံဟာ နိုင်ငံအတွင်း အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးနောက် စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ပါတယ်။ ယခုအခါမှာတော့ Delta ဗိုင်းရပ်စ်ကူးစက်မှုများ ဆိုးရွားစွာ ပျံ့ပွားနေတဲ့ မြန်မာနိုင်ငံမှ နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့အတူ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများဟာ တရုတ်နိုင်ငံရဲ့ နေ့စဉ်ကူးစက်မှု မှတ်တမ်းကို ခြိမ်းခြောက်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အစုအဖွဲ့ပေါ်ထွက်ခဲ့ရာ Jiangsu ပြည်နယ်မှ အရာရှိများဟာ ရာထောင်ချီသော နေထိုင်သူများကို လော့ဒေါင်းပိတ်ဆို့ကန့်သတ်မှု ချမှတ်ထားကြောင်း၊ ကော်ဖီဆိုင်၊ အားကစားရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေဆိုင်တွေနဲ့ နန်ကျင်းမှာရှိတဲ့ စာကြည့်တိုက်တွေတောင် ပိတ်ထားရကြောင်း ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လူဂျင်းက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် မြို့ရှိ နေထိုင်သူ(၉ ဒသမ ၂)သန်းကို နှစ်ကြိမ်အထိ ဗိုင်းရပ်စ်စမ်းသပ်ခဲ့ပြီး အလွန်ကူးစက်တတ်တဲ့ Delta ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးကြိုးပမ်းမှုများဟာ စိန်ခေါ်မှုများရှိနေကြောင်း ၎င်းကဆိုပါတယ်။
တရုတ်နိုင်ငံဟာ ယခုနှစ်အကုန်မှာ နိုင်ငံလူဦးရေ(၁ ဒသမ ၅)ဘီလီယံရဲ့အနည်းဆုံး(၆၅)ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။