ကိုဗစ်ကာကွယ်ဆေးထိုးလိုရင် မည်သူ့ကိုမဆို ထိုးပေးမယ်လို့ ဖိလစ်ပိုင်သမ္မတပြော
549
ရောင်နီ (NP News) - ဇူလိုင် ၃ဝ
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးလိုသူ မည်သူကိုမဆိုကို ကာကွယ်ဆေးထိုးနှံပေးရမယ်လို့ အမိန့်ပေးလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေသန်း(၁၁၀)မှာ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ(၆) ရာခိုင်နှုန်းသာရှိပြီး လူပေါင်းသန်းနဲ့ချီ ကာကွယ်ဆေးမထိုးရသေးတာကြောင့် ကိုဗစ်ကူးစက်မှုခံနိုင်ရည် ရှိစေဖို့အတွက် အစိုးရက ယခုနှစ်မကုန်မီအတွင်း လူဦးရေသန်း ၇၀ အထိ ကာကွယ်ဆေးထိုးပြီးဖို့ ရည်မှန်းထားပါတယ်။ “ ကာကွယ်ဆေးထိုးချင်တဲ့သူတိုင်းကို ကာကွယ်ဆေးထိုးပေးပါ " လို့ သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပြီး ယခု Delta ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ကမ္ဘာလုံးဆိုင်ရာဗဟိုချက်ဟာ အရှေ့တောင်အာရှတစ်လျှောက် ဖြစ်နေခြင်းကြောင့် စိုးရိမ်မိကြောင်း ၎င်းရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် အစိုးရရဲ့ ဦးစားပေးအုပ်စုများမှာ မပါဝင်သေးတဲ့ အသက်အပိုင်းအခြားအုပ်စုများလည်း ယခုအခါ ကာကွယ်ဆေးထိုးနိုင်ပြီလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ လက်ရှိမှာတော့ ထောက်ပံ့ရေးပစ္စည်းများ အကန့်အသတ်ဖြင့်သာ ရှိနေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၊ သက်ကြီးရွယ်အိုများ၊ လက်ရှိကျန်းမာရေးအခြေအနေရှိသူများနဲ့ အလုပ်လုပ်နေတဲ့ အရွယ်ရောက်ပြီးသူတွေကို ဦး စားပေးထိုးနှံပေးနေတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပထမဆုံးပေါ်ထွက်လာတဲ့ Delta ကိုဗစ်မျိုးကွဲ ကူးစက်လူနာကို နိုင်ငံမှာ(၁၁၉)ဦးအထိသာ တွေ့ရှိသေးပေမယ့်လည်း မထုတ်ဖော်ရသေးတဲ့ ကူးစက်မှုတွေ ရှိနေနိုင်တာကြောင့် ရောဂါပိုမိုကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောကြားပါတယ်။
နိုင်ငံအတွင်း နေ့စဉ်ကူးစက်မှုနှုန်းများ မြင့်တက်လာတာနဲ့အမျှ ယခုသီတင်းပတ်မှာ အာဏာပိုင်များဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှ ခရီးသွားလာမှုများကို ကန့်သတ်ခဲ့ပြီး မနီလာမြို့တစ်ဝိုက် တင်းကျပ်တဲ့ ကန့်သတ်မှုများပြုလုပ်ခဲ့ကာ ကျေးရွာ၊ ရပ်ကွက်အကြီးအကဲများကိုလည်း ကာကွယ်ဆေးမထိုးထားသူများကို အိမ်ပြင်ထွက်ခွင့်မပြုဖို့ သမ္မတ Duterte က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု(၁ ဒသမ ၅)သန်းကျော်၊ သေဆုံးမှု (၂၇၀၀၀)ကျော်အထိရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အင်ဒိုနီးရှားပြီးရင် အရှေ့တောင်အာရှမှာ ဒုတိယမြောက်ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေပါတယ်။
#NPNews