ထိုင်းရှိ စက်ရုံ(၅၀၀)ကျော်မှာ Covid-19 ကူးစက်မှုများရှိနေ
599
ရောင်နီ (NP News) - ဇူလိုင် ၃၁
ထိုင်းနိုင်ငံမှာ ဧပြီ(၁)ရက်မှစပြီး ယနေ့ထိ ပြည်နယ်(၄၉)ခုရှိ စက်ရုံ(၅၁၈)ခုမှာ ၎င်းတို့ရဲ့ဝန်ထမ်းစုစုပေါင်း (၃၆၈၆၁)ဦးခန့်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိနေတယ်လို့ Covid-19 အခြေအနေစီမံခန့်ခွဲမှုဗဟို (CCSA) က ဖော်ပြခဲ့ပါတယ်။
CCSA ပြောရေးဆိုခွင့်ရှိသူ Taweesilp Visanuyothin က သောကြာနေ့အတွင်း Phetchaburi ပြည်နယ်မှာ ပိုးကူးစက်ခံရသူ(၄၄၆၄)ဦး၊ Phetchabun မှာ(၃၄၈၇)ဦး၊ Prachuap Khiri Khan မှာ (၂၅၃၈)ဦး၊ Samut Sakhon မှာ(၂၄၉၆)ဦး နဲ့ Songkhla ပြည်နယ်မှာ (၂၂၀၉) ဦးထိ ရှိလာကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်နယ် (၁၅)ခုရဲ့ တစ်ခုစီတိုင်းမှာ ပိုးကူးစက်ခံရတဲ့ အလုပ်သမား(၁၀၀၀)နဲ့အထက် ရှိနေပြီး ပြည်နယ်(၅)ခုမှာတော့ ကူးစက်လူနာ အလုပ်သမား(၅၀၁)ဦးမှ (၉၉၉)ဦးထိ အသီးသီးရှိနေကာ ကျန်ပြည်နယ် (၂၉)ခုမှာတော့ ပိုးကူးစက်လူနာ အလုပ်သမား(၅၀၀)အောက်စီ ရှိနေတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အထိခိုက်ဆုံးကတော့ အစားအစာထုတ်လုပ်ရေးစက်ရုံ(၉၉)ခုဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ လျှပ်စစ်ကဏ္ဍစက်ရုံ (၇၄)ခု၊ အထည်ချုပ်စက်ရုံ(၄၂)ခု၊ သတ္တုစက်ရုံ(၄၂)ခုနဲ့ ပလပ်စတစ်စက်ရုံ(၃၆)ခုတို့က ဒုတိယ၊ တတိယ၊ စတုတ္တနဲ့ ပဉ္စမနေရာ အသီးသီးမှာ ရှိနေတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးမှာ စက်မှုအလုပ်ရုံပေါင်း (၆၄၀၃၈)ထိရှိပြီး ဗိုင်းရပ်စ်ထိန်းချုပ်မှုလုပ်ဆောင်ချက်များအတွက် (၁၈၀၀၅)ရုံကို အကဲဖြတ်ရာ ၎င်းတို့ထဲမှ (၆၈)ရာခိုင်နှုန်းဟာ ရောဂါထိန်းချုပ်မှု စံနှုန်းများနဲ့ ပြည့်မီတယ်လို့ သိရပါတယ်။