TikTok ဆယ်လီလူငယ်တစ်ဦး ရုပ်ရှင်ရုံထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရ

 1138

ဂျန်ဇက် (NP News) - သြဂုတ် ၂
TikTok သုံးစွဲသူတွေကြား လူသိများထင်ရှားတဲ့ စတားတစ်ဦးဖြစ်သူ Anthony Barajas ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ရုပ်ရှင်ရုံအတွင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သလို အခြားအမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရတဲ့နေရာမှာပဲသေဆုံးသွားတယ်လို့ အမေရိကန်ရဲတပ်ဖွဲ့က ဆိုပါတယ်။

Corona ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရာမှာ " Anthony Barajas ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ် " လို့ ပြောပါတယ်။ အသက်(၁၉)နှစ်အရွယ် အန်တိုနီ ဘာရာဂျက်စ်ဟာ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးငယ် ရီးလ် ဂေါ့ဒရစ်နဲ့အတူ Corona မြို့ရှိ Regal Edwards ရုပ်ရှင်ရုံအတွင်း "The Forever Purge" ရုပ်ရှင်ဇာတ်ကားကို ကြည့်နေချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ ရုပ်ရှင်ကားပြီးဆုံးချိန်မှာ ရုပ်ရှင်ရုံဝန်ထမ်း တွေဟာ Anthony Barajas နဲ့သူငယ်ချင်းဖြစ်သူတို့ကို သေနတ်ပစ်ခတ်ခံထားရတာ တွေ့ရှိခဲ့ရပြီး သူငယ်ချင်းဖြစ်သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ပေမယ့် Anthony Barajas ကတော့ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ပို့ခဲ့ရပြီး ဆေးရုံမှာဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက်(၂၀)အရွယ်ရှိ Joseph Jimenez ကို ဖမ်းဆီးခဲ့သလို အမေရိကန်ဒေါ်လာ (၂)သန်းနဲ့ လက်ရှိအချိန်မှာ အာမခံပေးထားကြောင်း သိရပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ လူသတ်မှုကျုးလွန်တယ်လို့ သံသယရှိသူကိုလူသတ်မှု၊ လူသတ်ဖို့ကြိုးပမ်းအားထုတ်မှု၊ လုယက်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ၎င်းတို့အနေနဲ့ Riverside County အစိုးရရှေ့နေရုံးနဲ့ ပူးပေါင်းပြီး နောက်ထပ်စွဲချက် တင်နိုင်ဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘာကြောင့် TikTok ဆယ်လီတစ်ဦးကို ပစ်သတ်ရလဲဆိုတာနဲ့ သူတို့ကြားမှာ ဘယ်လိုအငြိုးအတေးတွေ ရှိနေလို့လဲဆိုတာကို ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ လူသတ်တရားခံအဖြစ် စွပ်စွဲထားသူ Joseph Jimenez ရဲ့အိမ်ကိုရှာဖွေခဲ့ရာ လူသတ်ရာမှာ အသုံးပြုတဲ့ သေနတ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အပြင် ရုပ်ရှင်ရုံအတွင်း ပစ်ခတ်မှုဖြစ်ပွားတာနဲ့ပတ်သက်လို့ အခြားသက်သေများကို တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။

Related news

© 2021. All rights reserved.