အမေရိကန်နှစ်ဦးက ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာအတုနဲ့ သွားလာနေတာ စစ်ဆေးတွေ့ရှိလို့ ကနေဒါက ဒဏ်ရိုက်
917
ရောင်နီ (NP News) - သြဂုတ် ၃
COVID -19 ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာအတုများနဲ့ အမေရိကန်မှ ဝင်ရောက်လာသူ ခရီးသွား နှစ်ဦးကို ကနေဒါနိုင်ငံက ဒဏ်ငွေဒေါ်လာ ၁၆၀၀၀ ( ကနေဒါဒေါ်လာ ၁၉၇၂၀) ဒဏ်ရိုက်ခဲ့ပါတယ်။
ခရီးသွား ၂ ဦး (အမည်မဖော်ပြ ) ဟာ ဇူလိုင် ၁၈ ရက်နေ့က အမေရိကန်မှ ကနေဒါနိုင်ငံကို ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာအတု၊ အမေရိကန်မှ မထွက်ခွာခင် ဗိုင်းရပ်စ်စစ်ဆေးမှု ထောက်ခံစာအတုများနဲ့ ကနေဒါနိုင်ငံကို ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ PHAC ရဲ့ သတင်းထုတ်ပြန်ချက်တစ်ခုမှာ အဆိုပါစုံတွဲဟာ အစိုးရချမှတ်ထားတဲ့ ခရီးသွားလိုအပ်ချက်နဲ့ မကိုက်ညီကြောင်း ဖော်ပြခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ နိုင်ငံအတွင်း ဝင်ရောက်လာမယ့် ခရီးသွားတိုင်းအနေနဲ့ ၎င်းတို့ထွက်ခွာလာမယ့် လေဆိပ်မှ ကိုရိုနာဗိုင်းရပ်စ် negative ဖြစ်ကြောင်း ထောက်ခံစာပါ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ကနေဒါကို ရောက်ရင်လည်း သတ်မှတ်ထားတဲ့ ဟိုတယ်မှာ ၃ ည ( သို့) ကိုဗစ် negative ဖြစ်ကြောင်း စစ်ဆေးပြီးသည်အထိ သီးခြားနေရမည်ဖြစ်ကြောင်းကို ဇန်နဝါရီလကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားများအားလုံး ကိုဗစ်နဲ့ပတ်သက်တဲ့ မေးခွန်းများကို အမှန်အတိုင်းဖြေဆိုရမှာဖြစ်ပြီး မဟုတ်မမှန် ဖြေဆိုခြင်းဟာ ပြစ်မှုတစ်ခု ဖြစ်ပါတယ်။
ကနေဒါကို ဝင်ရောက်လာတဲ့အခါ quarantine ညွှန်ကြားချက်များကို ချိုးဖောက်ခြင်း ( သို့မဟုတ်) မလိုက်နာခြင်းဟာ ပြစ်မှုတစ်ခုစီအတွက် ထောင်ဒဏ်ခြောက်လ(သို့) ဒေါ်လာ ၇၅၀၀၀၀ အထိ ဒဏ်ငွေအပါအဝင် ကြီးလေးတဲ့ပြစ်ဒဏ်များခံရနိုင်တယ်လို့ PHAC က မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။