မြစ်ထဲမှာလှေနဲ့ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်မင်္ဂလာဆောင်ကို မိုးကြိုးပစ်ချလို့ (၁၇)ဦး သေဆုံးပြီး လူဒါဇင်ချီ ဒဏ်ရာရ
2855
မိုးတိမ် (NP News) - သြဂုတ် ၅
ဘင်္ဂလားဒေ့ရှ်မှာ ကျင်းပတဲ့မင်္ဂလာဆောင်ပွဲတစ်ခုမှာ ထူးဆန်းစွာပဲ မိုးကြိုးပစ်ခံရတာကြောင့် (၁၇)ဦးသေဆုံးပြီး လူဒါဇင်ချီ ဒဏ်ရာရသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထူးဆန်းလှတဲ့ဒီဖြစ်ရပ်ဟာ နိုင်ငံတကာသတင်းတွေမှာ ခေါင်းကြီးပိုင်းကနေ နေရာယူလာသလို ဘင်္ဂလားဒေ့ရှ်လူထုကြားမှာတော့ မင်္ဂလာဆောင်မှုကို နတ်ဒေဝါတွေက မလိုလားလို့များလားဆိုတဲ့ အရပ်စကားတွေ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသက Shibganj မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ Padma မြစ်ပေါ်မှာ လှေနဲ့ကျင်းပတဲ့မင်္ဂလာပွဲကို ထူးထူးဆန်းဆန်း မိုးကြိုးပစ်ချခံလိုက်ရတာဖြစ်ပါတယ်။ “ လူ(၁၇)ဦး သေဆုံးတယ်လို့ ကျွန်တော်တို့ သတင်းရခဲ့တယ်။ ဆေးရုံကိုလည်း ဒါဇင်ချီပြီး ရောက်ကုန်တယ်လို့ ကြားရပါတယ် ” လို့ မြို့ရဲ့ရဲအရာရှိ Farid Hossain က မီဒီယာတွေကို အတည်ပြုပါတယ်။ မင်္ဂလာဆောင်ပွဲကို မြစ်ထဲမှာ လှေတွေနဲ့ သြဂုတ်လ(၄)ရက်က ခမ်းခမ်းနားနား ကျင်းပနေကြတာဖြစ်ပြီး မိုးအနည်းငယ်ရွာနေတာကနေ ရုတ်တရက် မိုးကြိုးက လှေတစ်ဝိုက်ကို ပစ်ချလိုက်တာဖြစ်သလို လှေတိုင်းကိုမဟုတ်ပေမယ့် လှေတစ်ချို့ရဲ့ဘေးစောင်းကို ထိသွားတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်စဉ်ထဲမှာတော့ လူ(၁၄)ဦးကို ဆေးရုံဆီအသည်းအသန်ပို့ဆောင်ထားရသလို (၁၇)ဦးကတော့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ဒီဖြစ်ရပ်ဟာ သာမန်ဖြစ်စဉ်တစ်ခုထက် လွန်ကဲနေတယ်လို့ ဒေသခံတွေကတော့ ယုံကြည်နေကြပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ် မိုးကြိုးပစ်ခံရလို့ သေဆုံးရသူတွေ ရှိနေပေမယ့် မင်္ဂလာဆောင်ကို ပစ်ခံရတာက မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဘယ်သူတွေပါဝင်သလဲဆိုတာကို သြဂုတ်လ(၅)ရက် နံနက်ပိုင်းအထိ အတည်မပြုပေးသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေရော ကမ္ဘာကျော် CNN တို့ကပါ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ်လိုလို မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ရာချီရှိနေသလို ၂၀၁၆ ခုနှစ်တုန်းကဆိုရင် တစ်လတည်းမှာပဲ လူ(၂၀၀) သေဆုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီနှစ်ရဲ့မေလမှာပဲ တစ်ရက်တည်းကို လူ(၈၂)ဦးအထိ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးဖူးတယ်လို့ သိရပါတယ်။