ပြည်ပသို့ သစ်ခွဲသားများ တင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော နှင့် ကုန်ချောများကိုသာ တင်ပို့ခွင့်ပြုတော့မည်

 937

NP News - သြဂုတ် ၁၉
အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောသည်။

အဆိုပါ တင်ပို့မှုကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ (၁၈) ရက်က ကျင်းပသည့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုတိယအကြိမ် အ စည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြောသည်။

“တင်ပို့ခွင့်ပြုမယ့် သစ်အခြေခံ ထုတ်ကုန်တွေရဲ့ အမျိုးအမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို နိုင်ငံတကာစံနှုန်းနဲ့ အညီ သတ်မှတ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ဒုဝန်ကြီးကပြောသည်။

သစ်ကုန်ချောများကိုသာ တင်ပို့ရေးဦးတည်ရာတွင် သစ်အခြေခံစက်မှု လုပ်ငန်းများသည် သစ်တောသယံဇာတကို အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် နိုင်ငံပိုင် အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဒုဝန်ကြီးကပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ဧပြီလဆန်းမှစ၍ သစ်လုံးတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီး အစိုးရမှ သစ်လုံးများကို ပြည်တွင်း၌ပင် တင်ဒါစနစ်ဖြင့်ရောင်းချကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ ခွဲစိတ်ပြီး ခွဲသားများကို နိုင် ငံခြားသို့ တင်ပို့ရကြောင်းသိရသည်။ မြန်မာနိုင်ငံမှ သစ်ခွဲသားများနှင့် သစ်အချောထည်များကို ဥရောပ၊ အမေရိကန်နှင့် အာရှနိုင်ငံများမှ အဓိကဝယ်ယူကြောင်း သိရသည်။ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာနှစ် မေလကုန်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ရှိကြောင်းသိရသည်။

ထို့ပြင် ၂ဝ၂၁ ခုနှစ် ဧပြီ ၂ဝ ရက်ကလည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်အတွင်း သစ်ထုတ်လုပ်မှု လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာထုတ်လုပ်မှု တစ်နှစ်ရပ်နားလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဧရိယာ၏ ရာခိုင်နှုန်း ၇ဝ ခန့်သည့် ၁၉၄၈ ခုနှစ်က သစ်တောများ ဖုံးလွှမ်းခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် သစ် တောဖုံးလွှမ်းမှုသည် ၄၁ ဒသမ ၃ဝ ရာခိုင်နှုန်းသာရှိခဲ့ကာ ကမ႓ာ့သစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံစာရင်းတွင် အဆင့်( ၃ )နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှု လျော့ကျလာသည့်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး (၁ဝ) နှစ်စီမံကိန်းကိုလည်း NLD အစိုးရလက် ထက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းအရ နိုင်ငံတော်နှင့် ပုဂ္ဂလိက နှစ်ခုပေါင်းကာ စုစုပေါင်းဧက ခြောက်သိန်းခွဲခန့် ဆောင်ရွက်ရန်ရည်မှန်းခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.