လက်ဝှေ့ပွဲစဉ်များနှင့်နှစ်နှစ်ကြာကင်းကွာခဲ့သည့် ပက်ကွီအိုက မနက်ဖြန်ထိုးသတ်မည့် ကမ္ဘာချန်ပီယံဆုလုပွဲအတွက် အဆင့်သင့်ဖြစ်နေဟုဆို

 685

ဂျန်ဇက် (NP News) - သြဂုတ် ၂ဝ
ဖိလစ်ပိုင်လက်ဝှေ့ကျော်တစ်ဦးဖြစ်သည့် ပက်ကွီအိုက ပြိုင်ဘက်အပြောင်းအလဲဖြစ်သွားခဲ့သော်လည်း လေ့ကျင့်မှုများကို ထိခိုက်ခြင်းမျိုးမရှိကြောင်း၊ ကျူးဘားလက်ဝှေ့ကျော် Yordenis Ugas နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် အဆင့်သင့်ရှိနေကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် (၄၂)နှစ်အရွယ်ရှိ ပက်ကွီအိုသည် နှစ်နှစ်ကြာလက်ဝှေ့ပွဲစဉ်များနှင့်ကင်းကွာခဲ့ပြီးနောက် WBA ဝယ်သာဝိတ်တန်း ကမ႓ာ့ချန်ပီယံဆု တစ်ကျော့ပြန်ရယူနိုင်ရန် ကြိုးပမ်းမှုအဖြစ် ကျူးဘားလက်ဝှေ့သမား Yordenis Ugas နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ရာ အနိုင်ရပါက WBA ဝယ်သာဝိတ်တန်း ကမ္ဘာချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။

ပက်ကွီအိုက "ကျွန်တော်ဟာ ညာဖက်လက်ကို အဓိက အသုံးပြုထိုးနှက်တဲ့ လက်ဝှေ့သမားအများအပြားနဲ့ ယှဉ် ပြိုင်ခဲ့ဖူးတယ်။ အဲဒီအတွက် Yordenis Ugas ကို စိုးရိမ်နေစရာမရှိဘူး။ လေ့ကျင့်ခန်းအစီအစဉ်တွေကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ပွဲယှဉ်ပြိုင်ဖို့ အဆင့်သင့်ရှိနေတယ်"ဟု ပြောသည်။

ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော်လက်ဝှေ့သမားတစ်ဦးဖြစ်သည့် ပက်ကွီအိုသည် မူလက အမေ ရိကန်လက်ဝှေ့ကျော်ကမ႓ာ့ချန်ပီယံ အာရိုးလ် စပန့်ဆီနှင့် သြဂုတ်(၂၁)ရက်နေ့တွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း စပန့်ဆီသည် ပြိုင်ပွဲနီးခါနီးတွင် မျက်လုံးဒဏ်ရာရခဲ့သည့်အတွက် ပက်ကွီအို နှင့်ယှဉ်ပြိုင်မည့်ပွဲစဉ်ကထွက်ခဲ့ရပြီးနောက် စပန့်ဆီနေရာတွင် ကျူးဘားလက်ဝှေ့ကျော် Yordenis Ugas အစားဝင်ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း သိရသည်။

ပက်ကွီအိုသည် ၂ဝ၁၉ ခုနှစ်က အမေရိကန်လက်ဝှေ့ကျော် ကိစ့်သာမန်ကိုအနိုင်ယူပြီးနောက်ပိုင်း လက်ဝှေ့ပွဲစဉ်များကိုမယှဉ်ပြိုင်ဘဲရှိနေရာ ကမ္ဘာချန်ပီယံဆုရယူနိုင်ရန်ပြန်လည်ယှဉ်ပြိုင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
ပက်ကွီအိုသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝအတွင်းပွဲပေါင်း (၇၁)ပွဲယှဉ်ပြိုင်ခဲ့ရာ (၆၂)ပွဲနိုင်၊ (၇)ပွဲရှုံး၊ (၂)ပွဲသရေကျထားပြီး သူ၏ (၇၂)ပွဲမြောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်လေ့ ကျင့်နေကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.