မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်၏ မိခင် ကျန်းမာစွာဖြင့် ဆေးရုံဆင်းခွင့်ရရှိ

894

NP News - သြဂုတ် ၂၆
ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်၏မိခင်သည် ကိုဗစ်ကူးစက်ခံခဲ့ရသဖြင့် ဆေးကုသမှုခံယူခဲ့ရပြီး သြဂုတ်လ (၂၅) ရက်တွင် ကျန်းမာစွာဖြင့် ဆေးရုံ မှဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပိုင်တံခွန်၏ မိခင်သည် စစ်ကောင်စီက ပြန်လွှတ်ပေးသည့် ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်တွင် သားဖြစ်သူ ပြန်လည်လွတ်မြောက်နိုင်ခြေရှိသည်ဆိုသောသတင်းများကြောင့် သားဖြစ်သူအား မျှော်လင့်တကြီး စောင့်မျှော်ခဲ့ရာ လွတ်ငြိမ်းခွင့်တွင် ပါဝင်ခဲ့ခြင်းမရှိသည့်အခါ စိတ်ဓါတ်ကျပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့ကြောင်းသိရသည်။
“မေမေ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်ပါပြီ။ အစစအရာရာ ကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအများ ကြီးတင်ပါတယ်။ ဘဝမှာ ကျေးဇူး အတင်ရဆုံးသူတွေကတော့ မေမေ နေမကောင်းတဲ့အချိန်ကစပြီး ခုချိန်ထိ အနီးကပ်ပြုစုစောင့်ရှောက်ပေးပါသောသူများကို ဘယ်တော့မှ မမေ့ပါဘူး။ ခုချိန်ထိ အားတင်းကြိုးစားပြီး ရှင်သန် ပေးပါသော မေမေ့ကိုလည်း ကျေးဇူးများ ကြီးတင်ပါတယ် အရမ်းလဲချစ်တယ်” ဟု ပိုင်တံခွန်၏ အစ်မဖြစ်သူက သူမကိုယ်တိုင်အသုံးပြုသည့် လှုမှုကွန်ရက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်က မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်၏ မိခင်ကြီး ကွယ်လွန်သွား ပြီဟူသော သတင်းများသည် လှုမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ သမီးဖြစ်သူမှ “အမေ ဆေးရုံမှာ ဆေးကုသမှု ခံယူလျက်ရှိဆဲပါ။ သတင်းအမှား မဖြန့်ခြင်းဖြင့် ကူညီပေးကြပါ။ တောင်းပန်ပါ တယ် မိသားစုကို အားနာပါ။ မိသားစုတင်မှ ယုံကြပါ” ဟု ပြန်လည်ဖြေရှင်းခဲ့ရသည်။
ပိုင်တံခွန်၏မိခင်သည် လက်ရှိတွင် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီဟုဆိုသော်လည်း ကျန်းမာရေးကို အထူးဂရုစိုက် ရန်လိုသေးကြောင်း သိရသည်။ မိသားစုဝင်များအနေဖြင့် ပိုင်တံခွန် အမြန်ဆုံးလွတ်မြောက်ရန်သာ ဆုတောင်းလျက်ရှိပြီး သားဖြစ်သူ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အချိန်ကလည်း ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့်အတွက် အတော်လေး စိုးရိမ်စိတ်ပူခဲ့ကြရကြောင်းသိရသည်။
ပိုင်တံခွန်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းက ဦးဆောင်၍ တက်ကြွစွာပါဝင်လုပ် ဆောင်ခဲ့သူဖြစ်သဖြင့် စစ်ကောင်စီဘက်မှ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ- ၅ဝ၅ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ဧပြီလ (၈) ရက်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော သရုပ်ဆောင် ပိုင်တံခွန်သည် ပြီးခဲ့သည့် ဇူလိုင်လပိုင်းက ၎င်းအနေဖြင့် နေကောင်းကျန်းမာကြောင်းနှင့် ပရိသတ်များကိုလည်း လွမ်းနေကြောင်း အစ်မဖြစ်သူနှင့်အမှာစကားပါးခဲ့ဖူးသည်။
#NPNews