အာဖဂန်နစ္စတန်နိုင်ငံအတွင်းနှစ်ပေါင်း (၂ဝ) နီးပါးကြာတပ်စွဲထားသည့် အမေရိကန်တပ်များအပြီးပြန်ရုတ်သိမ်း

 1141

ဂျန်ဇက် (NP News)- သြဂုတ် ၃၁
အာဖဂန်နစ္စတန်နိုင်ငံအတွင်းနှစ်ပေါင်း (၂ဝ) နီးပါးကြာတပ်စွဲထားသည့် တပ်ဖွဲ့ဝင်များပြန်ရုတ်သိမ်းမှုကို သြဂုတ်လ (၃ဝ) ရက်နေ့တွင် အပြီးတိုင်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်အစိုးရကသတင်းထုတ်ပြန်လိုက်သည်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့က အမေရိကန်နိုင်ငံအပေါ် အကြမ်း ဖက်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များသည် အယ်ကိုင်ဒါအဖွဲ့များကို ချေမှုန်းနိုင်ရန် အာဖဂန်နစ္စတန်နိုင်ငံအတွင်းကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့များပြန်ဆုတ်ခွာသွားခဲ့ပြီးနောက် အောင်ပွဲခံမှုအဖြစ် ကဘူးလ်မြို့နေရာအများအပြားတွင် သေ နတ်ပစ်ဖောက်သံများကြားခဲ့ရကြောင်း၊ တာလီဘန်အဖွဲ့သည် သမိုင်းသစ်တစ်ခုကို လုပ်နိုင်ခဲ့ကြောင်း တာလီဘန်အဖွဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးကပြောသည်။

တာလီဘန်အဖွဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် Mr Anas Haqqani က"ကျွန်တော်တိုဟာ သမိုင်းတစ်ခုရေးထိုးနိုင်ခဲ့တယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာနှစ်ပေါင်း (၂ဝ)နီးပါးကြာ အမေရိကန်တပ်ဖွဲ့တွေသိမ်းပိုက်ထားမှုအဆုံး သတ်သွားခဲ့ပါတယ်။ အဲဒီအတွက်အလွန်အမင်းပျော်ရွှင်ရတယ်။ ဒီသမိုင်းဝင်ကာလအတွက်ဂုဏ်ယူမိတယ်"ဟု ပြောသည်။

တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Qari Yusuf က" နောက်ဆုံးကျန်ရှိနေတဲ့ အမေရိကန်စစ်သားတွေ ကဘူးလ်လေဆိပ်ကထွက်ခွာသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးပြန်ရခဲ့ပါတယ်" ဟုပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အတွင်းအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးခြိမ်း ခြောက်ခံနေရချိန်တွင်ပင် အမေရိကန်အစိုးရသည် လေဆိပ်အတွင်းပိတ်မိနေသူများ နှင့် တပ်ဖွဲ့များကိုလေယာဉ်များဖြင့် ရွှေ့ပြောင်းကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က" အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့တွေနှစ်ပေါင်း(၂ဝ)ကြာရှိနေမှုအဆုံးသတ်သွားခဲ့ပါတယ်။ ဘေးအန္တရယ်ရှိတဲ့ရွှေ့ပြောင်းကယ်ဆယ်မှုတွေလုပ်ပေးခဲ့တဲ့အတွက် အမေရိကန်တပ် ဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်" ဟုပြောသည်။

အမေရိကန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ထွက်ခွာလိုသူများကို ရွှေ့ပြောင်းကယ်ဆယ်ပေးနေခဲ့ရာ လူပေါင်း (၁၂၂ဝဝဝ) ကို ရွှေ့ပြောင်းကယ်ဆယ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.