ခရီးသွားလုပ်ငန်းပြန်လည်စတင်ရန် သဘာဝအခြေခံခရီးစဉ်များအပြင်ခရီးစဉ်အသစ်များကို ဆောင်ရွက်သွားရန်လိုဟုဆို

 1476

NP News - စက်တင်ဘာ ၂၈
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းများပြန်လည်စတင်နိုင်ရေးပြင်ဆင်လျက်ရှိပြီး ပြန်လည်စတင်ချိန်တွင် သဘာဝအခြေခံခရီးစဉ်များအပြင် အပျော်စီးမီးရထားခရီးစဉ်များ၊ မြစ်အတွင်းသင်္ဘောခရီးစဉ်များ၊ တောတွင်းခရီးကြမ်းလမ်းလျှောက်ခရီးစဉ်များ၊ တောင်တက်ခရီးစဉ်များစသည့် ခရီးစဉ်အသစ်များ၊ ခရီးသွားမှုပုံစံအသစ်များကို ပြည်တွင်းပြည်ပခရီးသွားများအတွက် တီထွင်ကြံဆဖန်တီးဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ (၂၇) ရက်ကကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂ဝ၂၁ အထိမ်း အမှတ်အခမ်းအနားသို့ပေးပို့သည့်အမှာစကားတွင် ထည့်သွင်းပြောကြားထားသည်။

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ရာတွင်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များအ တွက် ပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေးသည် မိမိတို့နိုင်ငံတစ်ခုတည်း အခြေအနေဖြင့်ဆောင်ရွက် ၍မရသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း Domestic tourism မှ စတင်ဆောင်ရွက်ရန် ကမ္ဘာ့ခရီးသွားလုပ် ငန်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များတွင်ဖော်ပြထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များအတွက် သင့်လျော်သည့်ဒေသများကို ဦးစားပေးအစီအ စဉ်အလိုက်ရွေးချယ်ပြီး ပြည်တွင်းခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ယခုမှစ၍ အသင့်ပြင်ထားကြရမည် ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဆိုပါ အစည်းအဝေးတွင်ပြောသည်။

“မြန်မာနိုင်ငံရဲ့ တောင်ဖက်စွန်းကမြိတ်ကျွန်းစုဒေသမှာလည်း ထူးခြား လှပတဲ့ကမ်းခြေတွေရှိတဲ့ကျွန်းတွေ၊ ရေအောက်သယံဇာတတွေနဲ့ အလှအပတွေ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်တို့မှာရှိတဲ့ ကမ်းခြေဒေသတွေဟာလည်း ပြည်တွင်း/ ပြည်ပ ခရီးသွားတွေအတွက် ရွေးချယ်စရာနေရာတွေဖြစ်ပါတယ်”ဟု နစကဥက္ကဋ္ဌက ပြောသည်။

ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုသည်သာမက ကမ္ဘာ့နိုင်ငံများ အ ကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝအမွေအနှစ်များကိုလည်း ထိန်းသိမ်းရာရောက်သည့်အတွက် နိုင်ငံတော်၏ဦးစားပေး ကဏ္ဍများအနက်တွင် အရေးပါသည့် ကဏ္ဍအနေဖြင့်လည်း ပါဝင်ကြောင်းယင်းကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားနေရရုံသာမက လတ်တလောဖြစ်ပွားနေသော အခြေအနေများကြောင့် အခြားသော နိုင်ငံများထက် ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို (၂ ဆ ၃ ဆ) ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများဟူသော အခန်း ကဏ္ဍများအားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ယန္တရားကြီးအရှိန်အဟုန်ဖြင့် အမြန်ဆုံးလည် ပတ်နိုင်မည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မှတ်ချက်ပြုပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုသည် (၇၄) ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာ ၂ဝ၁၂ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသွား ဧည့် သည်ပေါင်း တစ်သန်းအောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကမ္ဘာတစ် ဝန်းနိုင်ငံတကာ ခရီးသည်ရောက်ရှိမှုသည် ၂ဝ၁၉ ခုနှစ် အလားတူကာလရောက်ရှိမှုနှင့်နှိုင်းယှဉ်ပါက (၈၅) ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ အဆိုပါပမာဏသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း သမိုင်းတွင် အဆိုးရွားဆုံးကျဆင်းမှုဖြစ်ကြောင်းသိရသည်။ အာရှ- ပစိဖိတ်ဒေသကိုကြည့်ပါက ၂ဝ၂၁ ခုနှစ်၊ ပထမ(၅)လအတွင်း နိုင်ငံတကာခရီးသည်ရောက်ရှိမှုသည် ၂ဝ၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၉၅) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.