ရှားပါးတိရိစ္ဆာန်စာရင်းဝင် (Gaur) မျိုးစိတ် ကျွဲတစ်ကောင် ဓာတ်လိုက်ခံရပြီး သေဆုံး

1205

ရောင်နီ (NP News) - အောက်တိုဘာ ၇
ထိုင်းနိုင်ငံ၊ Thap Lan အမျိုးသားဥယျာဉ်အကြီးအကဲ Prawatsart Chanthep ဟာ အောက်တိုဘာလ (၅) ရက်က မျိုးတုံးပျောက်ကွယ်ဖို့အန္တရာယ်ရှိတဲ့ အရွယ်ရောက်ပြီးသား (Gaur) မျိုးစိတ် ကျွဲတစ်ကောင် ဓာတ်လိုက်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Mr. Prawatsart က အဆိုပါ တွေ့ရှိချက်ကို Wang Nam Khieo ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ Thap Lan အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူတွေဟာ Puthachart ကျေးရွာအနီးရှိ ဖြစ်စဉ်နေရာကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ သေဆုံးနေတဲ့ Gaur မျိုးစိတ် ကျွဲဟာ အမျိုးသားဥယျာဉ် နယ်နိမိတ်မှ မီတာ (၃၀၀) ခန့်ဝေးတဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီး (၁၀) နှစ်သားခန့် အရွယ်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဓာတ်လိုက်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ယူဆရတဲ့ လက္ခဏာများတွေ့ရပြီး ၎င်းရဲ့အရေပြားပေါ်မှာ ပိုးဝင်နေတဲ့ အရည်ကြည်ဖုတွေ ရှိနေပေမယ့် အရေပြားရောဂါကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာ မဟုတ်ဘူးလို့ သိရပါတယ်။
တိရိစ္ဆာန်ဆရာဝန်များဟာ သေဆုံးသွားတဲ့ Gaur ရဲ့နမူနာများကို ဓာတ်ခွဲခန်း စမ်းသပ်မှုများပြုလုပ်ခဲ့ကြရာမှ Gaur ဟာ ဓာတ်တိုင်ရဲ့ နိမ့်ကျနေတဲ့ဓာတ်ကြိုးကို နှာခေါင်းနဲ့တိုက်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်မယ်လို့ ၎င်းတို့က ယူဆထားကြပါတယ်။ ဒါဟာ သီတင်းနှစ်ပတ်အတွင်း Gaur မျိုးစိတ်ကျွဲ ဒုတိယမြောက် ဓာတ်လိုက်သေဆုံးမှုဖြစ်တယ်လို့ သိရပါတယ်။
#NPNews