ပြည်တွင်းရေးကို မစွက်ဖက်ရန်နှင့် အကြမ်းဖက်အဖွဲ့များကို ထိတွေ့ဆက်ဆံခြင်း မပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံရေးဝန်ကြီးကို နစက သတိပေး

 1251

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၂

ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်နှင့် အကြမ်းဖက်အဖွဲ့များကို ထိတွေ့ဆက်ဆံခြင်း မပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံရေးဝန်ကြီးကို နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စများအပေါ် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် သတိပေးတုံ့ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို နိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှ မစွက်ဖက်ရေးစသည့်အခြေခံမူများနှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို လွတ်လပ်သည့်အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးတုံ့ပြန်ထားသည်။

အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျလေးစားလိုက်နာရန် လိုအပ်ကြောင်း နစက၏ ဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ကြောင့် မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း ထပ်လောင်း သတိပေးတိုက်တွန်းသည်ဟု နိုင်ငံခြားဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ရည်ရွယ်ကာ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို ဖွဲ့စည်းကာ ၎င်းအနေဖြင့် ဦးဆောင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာ့နိုင်ငံရေးနှင့်သက်ဆိုင်သူအားလုံးကိုလည်း တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း ဝန်ကြီးရတ်နိုမာဆူဒီက ပြောဆိုထားသည်။

ျပည္တြင္းေရးကို မစြက္ဖက္ရန္ႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားကို ထိေတြ႕ဆက္ဆံျခင္း မျပဳလုပ္ရန္ အင္ဒိုနီးရွားႏိုင္ငံေရးဝန္ႀကီးကို နစက သတိေပး
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၂

ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ရန္ႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားကို ထိေတြ႕ဆက္ဆံျခင္း မျပဳလုပ္ရန္ အင္ဒိုနီးရွားႏိုင္ငံေရးဝန္ႀကီးကို နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးတိုက္တြန္းထားသည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရတ္ႏိုမာဆူဒီက ဇန္နဝါရီ ၁၁ ရက္တြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ေျပာၾကားခဲ့သည့္ကိစၥမ်ားအေပၚ နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ ညပိုင္းတြင္ သတိေပးတုံ႔ျပန္လိုက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ အာဆီယံ၏ တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ျခင္းကို ႏိုင္ငံ၏ အမ်ိဳးသားေရးအက်ိဳးစီးပြား၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ တစ္ႏိုင္ငံ၏ ျပည္တြင္းေရးကို အဖြဲ႕ဝင္တစ္ႏိုင္ငံမွ မစြက္ဖက္ေရးစသည့္အေျခခံမူမ်ားႏွင့္အညီ ရပ္တည္ေဆာင္႐ြက္သြားမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ပါတီစုံဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ေရးအတြက္ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို လြတ္လပ္သည့္အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အသိေပးတုံ႔ျပန္ထားသည္။

အာဆီယံသည္ စည္းမ်ဥ္းကိုအေျခခံသည့္ အဖြဲ႕အစည္းျဖစ္သည္ႏွင့္အညီ အာဆီယံပဋိညာဥ္စာတမ္းပါ ျပ႒ာန္းခ်က္မ်ားႏွင့္ အာဆီယံအေျခခံမူမ်ားႏွင့္အညီ တိတိက်က်ေလးစားလိုက္နာရန္ လိုအပ္ေၾကာင္း နစက၏ ဝန္ႀကီးဌာနက သတိေပးထားသည္။

ထို႔ေၾကာင့္ ျမန္မာအစိုးရမွ ေၾကညာထားသည့္ မည္သည့္အၾကမ္းဖက္အဖြဲ႕မ်ား၊ မတရားအသင္းမ်ားႏွင့္မွ် ထိေတြ႕ဆက္ဆံျခင္းမျပဳလုပ္ရန္လိုအပ္ေၾကာင္း ထပ္ေလာင္း သတိေပးတိုက္တြန္းသည္ဟု ႏိုင္ငံျခားဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရတ္ႏိုမာဆူဒီက ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ရည္႐ြယ္ကာ အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္႐ုံးအဖြဲ႕ကို ဖြဲ႕စည္းကာ ၎အေနျဖင့္ ဦးေဆာင္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

ျမန္မာ့ႏိုင္ငံေရးႏွင့္သက္ဆိုင္သူအားလုံးကိုလည္း ေတြ႕ဆုံေဆြးေႏြးသြားမည္ဟုလည္း ဝန္ႀကီးရတ္ႏိုမာဆူဒီက ေျပာဆိုထားသည္။

Picture

san yuko

13/01/2023 14:32

Right

Picture

king of universe

13/01/2023 21:19

ကောင်းတယ်

Related news

© 2021. All rights reserved.