အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ(၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား

 2382

မြူနစ် (NP News) - နိုဝင်ဘာ ၈

အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်နေလျက်ရှိပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထားကြောင်း သိရသည်။ ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ မူလခန့်မှန်းခြေ ငွေစာရင်းအတွက် ဘတ်ဂျက်လိုငွေသည် ကျပ် (၇၈၇၉) ဘီလျံကျော် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားကြောင်း နစက၏စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် ဘဏ္ဍာ ရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။ ပြည်ထောင်စုနှင့် တိုင်း၊ ပြည်နယ်အားလုံး၏ ရငွေစုစု ပေါင်းသည် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် (၃၄၇၄၃)ဘီလျံကျော် ရှိမည်ဟု ခန့်မှန်းထားပြီး စုစုပေါင်းအသုံးစရိတ်အနေဖြင့် ကျပ်(၄၂၆၂၂)ဘီလျံကျော်ရှိမည်ဟု နစကဘက်က ဆိုသည်။

လက်ရှိတွင် အစိုးရ၏ လိုငွေဖြည့်ဆည်းရာ၌ ပြည်ပမှ ငွေချေးယူခြင်းဖြင့်လည်း ကောင်း၊ ပြည်တွင်းမှ ငွေချေးယူခြင်းဖြင့်လည်းကောင်း ဖြည့်ဆည်းနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာ ရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။

‘အဲဒါကတော့လုပ်ထုံးလုပ်နည်းပါပဲ။ လိုရင်တော့လုပ်ရမှာပဲ။ အဲဒီလိုမလိုအောင်လို့ အခွန်ကို သေချာကောက်ဖို့ တော့လိုမယ်။ အခွန်သေချာ ကောက်ဖို့ဆိုရင် သူတို့က အခွန်ကိုတိုးလိုက်တာ။ တကယ်က အခွန်ကောက်တယ်ဆိုတာ Level တစ်ခုမှာပဲကောက်နေတာ။ အခွန်ကောက်တဲ့ဟာကို ချဲ့ရမှာ ပေါ့နော်။ တြိဂံပုံရှိရင် အပေါ်ထိပ်နဲ့အလယ်ကိုပဲ ကောက်နေတာ။ အောက်အထိကောက်ဖို့တော့လိုတယ်။ အပေါ်မှာဆောင်နေတယ်ဆိုတဲ့ဟာကလည်း ရာခိုင်နှုန်းတိုးပြီး များခိုင်းတာမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြည့်နေကြတာဆိုတော့ ဒီနိုင်ငံမှာလည်း ဒီလိုလုပ်ရမှာပဲ’ဟု စီးပွားလုပ်ငန်းရှင်တစ်ဦး က NP News ကို သုံးသပ်ပြောကြားသည်။

အစိုးရအနေဖြင့် လိုငွေဖြည့်ဆည်းရာတွင် ပြည်တွင်းမှ ငွေချေးရယူရာ၌ အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ငွေချေးယူခြင်းတို့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင်အစိုးရအနေဖြင့် လိုငွေဖြည့်ဆည်းရာတွင် လည်း ပြည်ပချေးငွေများကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများထံမှ ချေးငွေနှင့် နှစ်နိုင်ငံအစိုးရကြား ချေးငွေများဖြင့် ဖြည့် ဆည်းလေ့ရှိကြောင်းလည်း သိရသည်။

ယခုဘဏ္ဍာနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် ဘတ်ဂျက်လိုငွေသည် ကျပ်(၇၈၇၉) ဘီလျံကျော်ဖြစ်ပေါ်မည်ဟု နစကအစိုးရဘက်က ခန့်မှန်းထားပြီး လက်ရှိနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ငွေချေးစာချုပ် ချုပ်ဆိုပြီးနောက် အစိုးရအနေဖြင့် အမှန်တကယ်ချေးယူရရှိနိုင်သော ငွေစုစုပေါင်းသည် ကျပ်(၉၆၀ဝ) ဘီလျံထက် မကျော်လွန်စေရန် သတ်မှတ်ထားကြောင်းလည်းစာတမ်းတွင် ဖော်ပြထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရ လက်ထက်အပါအဝင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ရငွေ၊ သုံးငွေပိုင်းတွင် နှစ်စဉ်လိုလို ဆက်တိုက်လိုငွေပြနေလျက်ရှိပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီမှာ ငွေကျပ်(၇၀၄၃၄)ဘီလျံ ရှိကြောင်း သိရသည်။

Related news

© 2021. All rights reserved.