ရုရှားနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံနီးပါး ကူညီထောက်ပံ့ ခဲ့ဟုဆို

 139

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၇

ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်လွှတ်တော်ဟာ ယူကရိန်းကို အကူညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁၈၂ ဒသမ ၉၉ ဘီလျံကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ငွေကြေးတွေထဲက အမေရိကန်ဒေါ်လာ ၁၃၁ ဘီလျံကျော်ဟာ လုံခြုံရေးနဲ့ ဆက်နွယ်တဲ့လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်၊ အစိုးရဝန်ထမ်းတွေကို လစာပေးချေမှု အပါအဝင် အစိုးရရဲ့လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၄၄ ဘီလျံကျော် ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၄၆ ဘီလျံကျော်ကူညီထောက်ပံ့ပေးထားကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ယူကရိန်းကို စစ်ရေးနဲ့ ငွေကြေး အကူအညီတွေပေးမယ်ဆိုတဲ့ကတိတွေကို ထိန်းသိမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို ကူညီထောက်ပံ့ပေးမှု အများဆုံးနိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွာနေတဲ့စစ်ပွဲကို အပစ်ခတ်ရပ်စဲနိုင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေမယ့် ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်ကတော့ သွေးထွက်သံယိုမှုများ မဖြစ်စေဖို့ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

ရုရှားအစိုးရက ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲဟာကြားခံစစ်ဖြစ်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားကို ဆန့်ကျင်ဖို့ ယူကရိန်းနိုင်ငံကို အသုံးချကာ စစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ထားပါတယ်။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်သူတွေရဲ့အခွန်ငွေကြေးတွေကို ယူကရိန်းစစ်ပွဲမှာ ကုန်ဆုံးနေ ခြင်းကို နှစ်သက်ခြင်းမရှိဘဲ သမ္မတဂျိုးဘိုင်ဒန်ကို ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။

Related news

© 2021. All rights reserved.