အိန္ဒိယဆေးရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မွေးကင်းစကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရ
108
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၇
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ချ်ပြည်နယ် မြောက်ပိုင်းက ဂျေဟန်စီမြို့ ပြည်သူဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မွေးကင်းစ ကလေးငယ် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့သလို ဒါဇင်နဲ့ချီပြီးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံအတွင်းထားရှိတဲ့အောက်ဆီဂျင်သိုလှောင်ရုံကတဆင့် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး မီးက လျင်မြန်စွာ ကူစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံဝန်ထမ်းတွေဟာ ဆေးရုံအတွင်းရှိ ကလေးအထူးကြပ်မတ်ကုသဆောင်က ကလေးငယ်တွေကို ကယ်ထုတ်ဖို့ ကြိးပမ်းခဲ့ရပြီး ကလေးငယ် ၃၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ကလေးငယ် ၁ဝ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကလေးငယ်တွေဟာ မီးလောင်ကျွမ်မှုဖြစ်ပွားခဲ့ပြီးနောက် မီးခိုးမွှန်ကာ အသက်ရှုကြပ် ပြီး သေဆုံးခဲ့တာမျိုးဖြစ်သလို မီးလောင်ကျွမ်းခံရမှုကြောင့် သေဆုံးခြင်းတွေလည်းရှိခဲ့ကြောင်း သိရပါတယ်။
မီးသတ်သမားတွေဟာ မီးငြိမ်းသတ်နိုင်ဖို့ နာရီပေါင်းအတန်ကြာ ကြိုးပမ်းခဲ့ရကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် အခြားမွေးကင်းစ ကလေးငယ် ၁၆ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရမှုအခြေအနေမျိုးရှိနေကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ဆေးရုံစီမံခန့်ခွဲသူတွေဟာ ပြင်းထန်တဲ့စိစစ်မေးမြန်းမှု တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဆေးရုံနဲ့ပတ်သက်တဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေါက်တာကူမားက အနာဂတ်မှာ အခုလိုမျိုး ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပျက်တွေ ထပ်မံမဖြစ်အောင် ကာကွယ်တားဆီးရေးအစီအမံတွေကို ပြန်လည်သုံးသပ်သွားရမယ်လို့ ပြောပါတယ်။ ၎င်းက "အခုလိုမျိုးမီးလောင်ကျွမ်းမှုဖြစ်ပြီး ကလေးငယ်တွေ သေဆုံးရတာကို ဝမ်းနည်းကြေကွဲရတယ်။ လူနာအားလုံး ဘေးကင်းမှုရအောင် အနာဂတ်မှာ ပိုမိုကြိုးပမ်းသွားရမယ်" လို့ပြောပါတယ်။
ပြည်နယ်အစိုးရကတော့ မီးလောင်မှုကြောင့် သေဆုံးသွားသူတွေရဲ့မိသားစုတွေကို လျော်ကြေးပေးသွားမှာဖြစ်သလို စုံစမ်းစစ်ဆေးမှုတွေလည်းလုပ်ဆောင်မယ်လို့ ပြောပါတယ်။