စက်သုံးဆီတင်သွင်းရန် လာမည့်ရက်ပိုင်းအတွင်း ဒေါ်လာ(၃၅)သန်း ထပ်မံထုတ်‌ရောင်းမည်ဟု ဗဟိုဘဏ်ကြော်ငြာ

 177

NP News - နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းသို့ စက်သုံးဆီ နှင့် လောင်စာဆီများ တင်သွင်းရန် အမေရိကန်ဒေါ်လာ (၃၅) သန်း ထုတ်ရောင်းပေးမည်ဟု ထုတ်ပြန်ကြေငြာထားသည်။
နိုဝင်ဘာ (၁၇)ရက်တွင် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန် အမေရိကန်ဒေါ်လာများ ထုတ်ရောင်းဟု ကြော်ငြာထားရာ အမေရိကန်တစ်‌ဒေါ်လာလျှင် (၄၃၅၀)ကျပ် အထိ ကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးများမှာ ရန်ကုန်အထိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော်လည်း နယ်မြို့များတွင် ဈေးတက်နေ ကြောင်း စက်သုံးဆီ သုံးစွဲသူများထံမှသိရသည်။
“ရန်ကုန်၊ နေပြည်တော်နဲ့မန္တလေးတွေမှာ ဈေးနှူန်းအပြောင်းအလဲကြီးကြီးမားမား မရှိပေမယ့် လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်နေတဲ့မြို့တွေမှာ ဈေးမငြိမ်ဘူး၊ အခုမူဆယ်ဘက်မှာဆိုရင် တရုတ်နိုင်ငံက စက်ဆီဘဲရှိတာ ပြည်တွင်းက တင်သွင်းတဲ့ ဆီဝယ်လို့ မရဘူး။ စက်သုံးဆီတင်သွင်းတဲ့သူတွေလဲ လုပ်ငန်းလည်ပါတ်ရုံဘဲ ရှိပါတယ်” ဟု စက်သုံးဆီ လက်လီ/လက်ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယနေ့ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်တွင် ရန်ကုန်မြို့ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာလျှင် (၃၀၁၀)ကျပ်၊ 95 Ron တလီတာလျှင် (၃၂၀၀) ကျပ်၊ HSD (500ppm) ဒီဇယ် တစ်လီတာလျှင် (၂၆၆၅) ကျပ် HSD (50 ppm)၊ ဒီဇယ် တစ်လီတာလျှင် (၃၃၁၀) ကျပ် နှင့် HSD (10ppm) ဒီဇယ် တစ်လီတာလျှင် (၃၃၁၀) ကျပ် ပေါက်ဈေးရှိ ကြောင်း သိရသည်။

စက်သုံးဆီဈေးများ မှာ ယခင်လ နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ငွေ ၂ဝ ကျပ်မှ ၈၀ ကျပ် အထိ ကျဆင်းလာ ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာသည်လည်း ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။
လတ်တလော ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသော လုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်ဖြစ်ရာ လာမည့်ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ ဈေးနှုန်းများ အကျပိုင်းတွင် ဆက်လက် ရပ်တည်နိုင်သည်။

Related news

© 2021. All rights reserved.