ရုရှားထံမှ ရေနံတင်သွင်းခြင်းမရှိလျှင် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာဖွယ်ရှိနေဟု အိန္ဒိယအစိုးရပြော
75
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၇
ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းခြင်းမရှိလျှင် ရေနံဈေးနှုန်းများ ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း အိန္ဒိယစွမ်းအင်ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ယူကရိန်း နှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် အိန္ဒိယနိုင်ငံကို ရုရှားနိုင်ငံ နှင့် ဆက်ဆံရေးပြတ်တောက်ရန်၊ စီးပွားရေးပိတ်ဆို့ရန် ဖိအားပေးခဲ့သော်လည်း အိန္ဒိယက ရုရှားနိုင်ငံ ထံမှရေနံ ထွက်ပစ္စည်းများကို ဆက်လက်ဝယ်ယူခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံထံမှ ရေနံ ဝယ်ယူရာတွင် ရေနံဈေး နှုန်းများကို ဝယ်ယူသောနိုင်ငံ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ခြင်း များဖြစ်ကြောင်း၊ အိန္ဒိယ စွမ်းအင်ဝန်ကြီး ကပြောသည်။ လက်ရှိအချိန်တွင် ရုရှားနိုင်ငံထံမှ စွမ်းအင် နှင့် ရေနံများ ပြန်လည်ရယူနိုင်ရန်အတွက် ဥရောပနိုင်ငံများသည် အိန္ဒိယနိုင်ငံထံမှ ပြန်လည် ဝယ်ယူရခြင်း များ ရှိနေကြောင်း သိရသည်။ အိန္ဒိယစွမ်းအင်ဝန်ကြီးက “အိန္ဒိယနိုင်ငံသားတွေနဲ့ အိန္ဒိယ ကုမ္ပဏီတွေ အတွက် ကောင်းမွန်တဲ့ဈေးနှုန်းမျိုးနဲ့ရမယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ဝယ်ယူမှာပါ” ဟု ပြောသည်။
ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်ပို့မှုသည် စက်တင်ဘာလအတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း (၁ ဒသမ ၉ သန်း) ရှိခဲ့ပြီး (၁၁ ဒသမ ၇) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ် တွင် ရေနံတင်သွင်းမှုအများဆုံး နိုင်ငံများထဲတွင် တတိယမြောက်နိုင်ငံဖြစ်ကြောင်း သိရသည်။ အိန္ဒိယ သည် ရေနံများကို ရုရှားနိုင်ငံအပြင် ဆော်ဒီအာရေဗျ၊ အိရတ်နိုင်ငံတို့မှ အဓိက တင်သွင်းနေရကြောင်း သိရသည်။ အိန္ဒိယစွမ်းအင်ဝန်ကြီးက လူပေါင်း (၁ ဒသမ ၄၂) ဘီလျံရှိသော အိန္ဒိယနိုင်ငံအတွက် ရေနံ ဈေးနှုန်းများကို ထိန်းသိမ်းရန် လိုအပ်ချက်အရ ရုရှားနိုင်ငံထံမှ ရေနံများကို ဝယ်ယူခြင်းဖြစ်ကြောင်း ပြောသည်။