အောက်တိုဘာလ၌ ဆန်နှင့်ဆန်ကွဲတန်ချိန်(၄)သိန်းကျော် တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် (၇)လအတွင်း တန်ချိန်အများဆုံး တင်ပို့ထား
80
ယွန်း (NP News) - နိုဝင်ဘာ ၁၇
အောက်တိုဘာလ၌ ဆန်နှင့်ဆန်ကွဲတန်ချိန်(၄)သိန်းကျော်တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ်၏ (၇)လအတွင်း တန်ချိန် အများဆုံး တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၄၂၄ ၇၈၄) တန်တင်ပို့ထားခဲ့ရာ အဆိုပါတင်ပို့မှုများတွင် ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၂၃၀၈၀၃) တန်ရှိခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ် တန်ချိန် (၁၉၃၉၈၁) တန်ရှိခဲ့ကြောင်း သိရသည်။
ယခု(၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ ဧပြီလတွင် မက်ထရစ်တန်ချိန် (၁၀ဝဝဝ၀) ကျော်၊ မေလ တွင် တန်ချိန်(၇၀ဝဝဝ)ကျော်၊ ဇွန်လ၌ တန်ချိန်(၁၆၀ဝဝဝ)ကျော်နှင့် ဇူလိုင်လတွင် တန်ချိန် (၁၆၀ဝဝဝ) ကျော် တင်ပို့ ထားခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ ထို့ပြင် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် မက်ထရစ်တန်ချိန် (၂)သိန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
“တကယ်ကတော့ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ၊ စက်တင်ဘာလတွေမှာ လျာထားတဲ့ Target တွေ လျော့နေတာပေါ့။ တစ်လကိုတန်ချိန်(၂)သိန်း၊(၂)သိန်းခွဲဝန်းကျင်လောက် လျာထားချက်ရှိတယ်။ လျာ ထားချက်တွေက မမီခဲ့ဘူး။ အဓိက ကတော့ ရာသီဥတုအခြေအနေကြောင့်ပေါ့။ တချို့သင်္ဘောတွေဆို ရန်ကုန်ဆိပ်ကမ်းမှာ (၂)လကျော်လောက်ထိ စောင့်ရ တယ်။ ပြီးခဲ့တဲ့လတွေက လျာထားချက် လျော့နည်းခဲ့တဲ့ဟာတွေက ရာသီဥတုအခြေအနေကြောင့် အောက်တိုဘာလမှ စုပြီးတော့ ထွက်လိုက်ရတဲ့အနေအထားဖြစ်သွားတယ်။ မိုးရွာတဲ့အတွက်ကြောင့် ဆိပ်ကမ်းလုပ်ငန်းတွေရပ်ထားရတဲ့ နေ့တွေ အများကြီးရှိခဲ့တယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP news ကို ပြောသည်။
အောက်တိုဘာလတွင် တန်ချိန်(၄) သိန်းကျော် တင်ပို့ခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်၌ တန်ချိန်အများဆုံး တင်ပို့ခဲ့ခြင်း ဖြစ်ပြီး မက်ထရစ်တန်ချိန် (၄၂၄၅၃၄)တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ခြင်းဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် (၂၅၀)တန် တင်ပို့ခဲ့ကြောင်း အချက်အလက်များ အရ သိရသည်။
အဆိုပါကာလတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန် တင်ပို့မှုအများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံ၊ နိုင်ဂျာနိုင်ငံနှင့် ပေါ်တူဂီနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၂၈)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ အလား တူ ဆန်ကွဲတင်ပို့မှုတွင်လည်း ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ဆီနီဂေါနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် စပိန်နိုင်ငံအပါအဝင် နိုင်ငံ ပေါင်း(၁၅)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
“Export တင်ပို့တာကလည်း ဆန်အဟောင်းတွေဖြစ်တယ်။ ဝယ်ယူ စုဆောင်းထားတဲ့ ဆန်အဟောင်းတွေကို Export ထဲ မှာ ထည့်ပြီးဆောင်ရွက်တာပေါ့။ ပြည်ပဝယ်လိုအားက ပုံမှန်အတိုင်းပဲ။ ကျတယ်လည်းပြောလို့မရဘူး။ တက်တယ်လည်း ပြောလို့မရဘူး။ နိုင်ငံတကာ ဈေးက ကျနေတယ်။ အိန္ဒိယနိုင်ငံရဲ့မူဝါဒအပြောင်းအလဲမှာ နိုင်ငံတကာ ဆန်ဈေးနှုန်း ကတော့ ကျလာတယ်။ ကမ္ဘာ့ဆန်ဈေးကျနေတယ်။ ကမ္ဘာ့ဝယ်လိုအားကလည်း ငြိမ်နေတယ်။ နိုင်ငံတကာရဲ့ကုန်မှာ ယူမှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ အင်ဒိုနီးရှား၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကတော့ အများဆုံးဝယ်ကြတယ်” ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။
အဆိုပါ အောက်တိုဘာလတွင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၈၇) သန်းရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆန်စပါးအသင်းချုပ် အနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ကိုဗစ်မတိုင်ခင် တင်ပို့နိုင်ခဲ့သည့် စံချိန်သို့ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေပြီး ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၂) သန်း နီးပါး တင်ပို့ရန် လျာထားပြီး ပို့ကုန်ရငွေ အမေရိ ကန်ဒေါ်လာ (၁) ဘီလျံအထိ ရရှိရန် မျှော်မှန်ထား သည်။ လက်ရှိတွင် ပြည်တွင်းရှိ ဆန်နှင့်ဆန်ကွဲတို့ကို နိုင်ငံတကာဝယ်လိုအားရှိနေပြီး သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများ ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် လိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုထားဖူးသည်။