15 puzzle ပဟေဋိအမျိုးအစားထဲမှ (၁၀)ခုကို အချိန်(၁)မိနစ်ကျော်အတွင်း ဖြေရှင်းပြခဲ့ပြီး ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့သည့် အမေရိကန်အမျိုးသား
128
Pika (NP News) - ဇန်နဝါရီ ၃ဝ
အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦးသည် 15 puzzle ဟု လူသိများကြသော ပဟေဋိ အမျိုးအစားထဲမှ (၁၀)ခုကို အချိန်(၁)မိနစ်နှင့် (၁၆ဒသမ၁၃)စက္ကန့်အတွင်း ဖြေရှင်းပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ လီရှင်တန်မြို့ရှိ Sayre ကျောင်းမှ ဂျွန်ဘရက်လီဆိုသည့် ဆယ်ကျော်သက် ကောင်လေးက ၎င်းသည် အလယ်တန်းကျောင်းမှစတင်ပြီး 15 puzzle ဟု လူသိများကြသော ပဟေဋ္ဌိကို စတင် ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပဟေဋိတွင် နံပါတ်(၁)မှ(၁၅)အထိရှိသော အပြားများ ပါဝင်ပြီး ၎င်းတို့ကို အစဉ်လိုက်စီတန်းရခြင်းမျိုးဖြစ် ကြောင်း သိရသည်။ အလယ်တန်းကျောင်းတက်နေစဉ်အချိန်အတွင်း ၎င်းအသုံးပြုနေသည့် ကွန်ပျူတာတွင် ထည့်သွင်းထားသော 15 puzzle ဒစ်ဂျစ်တယ်ဗားရှင်းကို စတင်ဖြေရှင်းခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ 15 puzzle ပဟေဋိဖြေရှင်းသည့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ဂျွန်ဘရက်လီက ပြောကြားခဲ့သည်။
ဂျွန်ဘရက်လီက “စူးစမ်းလေ့လာမှုတွေ၊ ယှဉ်ပြိုင်မှုတွေကနေတစ်ဆင့် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ဖို့ လုံလောက်တဲ့ အနေအထားမျိုးမှာ ရှိနေပြီဆိုတာကို ကျွန်တော်သတိထားမိခဲ့ပါတယ်။ ကျွန်တော် 15 puzzle ပဟေဋိ ဖြေရှင်းမှုကို အချိန်(၄)လလောက် ဆက်တိုက်လေ့ကျင့်ခဲ့တာပါ” ဟု ပြောခဲ့သည်။
15 puzzle ဟု လူသိများကြသော ပဟေဋိအမျိုးအစားထဲမှ (၁၀)ခုကို အမြန်ဆုံးဖြေရှင်းပြနိုင်သည့် ယခင်စံချိန်မှာ အချိန်(၁)မိနစ်နှင့် (၂၃)စက္ကန့်ဖြစ်ပြီး ဂျွန်ဘရက်လီက အချိန်(၁)မိနစ် နှင့် (၁၆ ဒသမ ၁၃) စက္ကန့်အတွင်း ဖြေရှင်း ပြခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက “အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒါကလုံးဝကို မယုံနိုင်စရာကိစ္စတစ်ခုပါ။ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထား ခဲ့ဖူးပါဘူး။ ဒါက တကယ်ကိုရူးသွပ်ချင်စရာကောင်းပါတယ်” ဟု ပြောခဲ့သည်။
Zawgyi Version: