၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရေးပေါ်ကာလအတွင်း ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း နစကပြော

 598

ရဲပြည့် (NP News) မေ -၂၈
UEC နှင့်တွေ့ဆုံခဲ့သည့် ပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တောင်းဆိုကြသော် လည်း အရေးပေါ်ကာလအတွင်း ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ပြောသည်။

မေလ(၂၁)ရက်က UEC နှင့်နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့စဉ်အတွင်း နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ(ခ) အရ နိုင်ငံသားဖြစ်ရုံနှင့် ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် ပါ၀င်ခွင့်ပေးထားခြင်းကို တိုင်းရင်သားမဟုတ်လျှင် ခွင့်မပြုရန် နိုင်ငံရေးပါတီအချို့ဆွေးနွေးခဲ့ခြင်းများရှိခဲ့ပြီး အခြားသော ပါတီခေါင်းဆောင်အချို့လည်း လက်ရှိကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် တောင်ဆိုခြင်းများရှိခဲ့ကြောင်းသိရသည်။

“ ပုဒ်မ ၁၂ဝ မှာ အရည်အချင်း ၄ချက် ပြဋ္ဌာန်းထားပြီး အဲဒီအချက်အလက်များနဲ့ ကိုက်ညီတဲ့ မည်သည့်နိုင်ငံသားကိုမဆို လွတ်လပ်စွာရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ အခြေခံဥပဒေကို အရေးပေါ်ကာလအတွင်း ပြင်ဖို့အစီအစဉ်မရှိသေးပါဘူး။ အခန်း(၁၂) ကအတိုင်းပဲဖြစ်ပါတယ်။ ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က မေလ(၂၈)ရက်တွင် ပြောသည်။

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရေးပေါ်ကာလအတွင်း ပြင်ဆင်ရန်မရှိကြောင်း ပြောခဲ့သော်လည်း မညစ(NUG)ဘက်ကမူ မတ်လ(၃ဝ)မှစ၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ဖူးသည်။ ထို့အပြင် NUG က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြည်သူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မီးရှို့ဖျက်စီးခြင်း Campaign များပြုလုပ်ကာ ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

Related news

© 2021. All rights reserved.