PDF ၏ ရည်ရွယ်ချက်သည် လက်နက်ကိုင်အကြမ်းဖက်ရန်သာဖြစ်သည်ဟု နစက မှတ်ချက်ပေး

 1136

NP News - မေ ၃၁
ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ ရည်ရွယ်ချက်သည် လက်နက်ကိုင် သူပုန်ထရန် နှင့် အကြမ်း ဖက်မှုများလုပ်ရန်သာဖြစ်သဖြင့် ရှေ့ဆက်ပြီး အဖျက်အမှောက်လုပ်ငန်းများဆက်မလုပ်နိုင်ရန် တားဆီးသွားမည်ဟု နစကမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ ၃၁ ရက်က ပြောသည်။

NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းအမှတ်စဉ်(၁) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည်။

“ပြည်သူ့ကာကွယ်ရေးတပ် အမှတ်စဉ် ၁ သင်တန်းဆင်းပွဲဆိုပြီး ဓါတ်ပုံတွေ သတင်းတွေ လူမှုကွန်ယက်မီဒီယာတွေအပေါ်မှာ ပျံ့နှံ့နေတာတွေ တွေ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကိုက လက်နက် ကိုင် သူပုန်ထဖို့နဲ့ အကြမ်းဖက်မှုတွေလုပ်ဖို့ပဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ ပြည်သူ့အိုးအိမ် အသက်စည်းစိမ်ကို ထိပါးနှောင့်ယှက်မှုတွေ မလုပ်သရွေ့ဖမ်းဆီးလို့မရပါဘူး။ လက်နက်ကိုင်ထားရင်သူပုန်ပါ။ မကိုင်ထားရင် ပြည်သူလို့ လုပ်လို့ရနေတော့ ပိုမိုဂရုစိုက်ပြီး လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ရမှာပါ”ဟု ၎င်းကပြောသည်။

ထို့ပြင် တောထဲမှသင်တန်းတက်ပြီး မြို့ပေါ်တွင် အဖျက်အမှောက်လုပ်နေသူများကိုလည်း ဖမ်းဆီးရမိခြင်းရှိပြီး အဖျက်အမှောက်လုပ်ငန်းများ မလုပ်နိုင်ရန်တားဆီးသွားရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးတို့အတွက် NUG ၏ PDF တပ်များသည် ပြည်သူများနှင့်ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြန်လည်တိုက်ခိုက်ခုခံမှုများနှင့် ပြည်သူများ၏ လုံခြုံရေးပိုင်းနှင့် စစ်ဘေးသင့်ပြည်နယ်များသို့ ကူညီထောက်ပံ့လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် NUG အနေဖြင့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မေလ ၂၉ ရက်နေ့တွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Related news

© 2021. All rights reserved.