ဟောင်ကောင်က Covid – 19 ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမျိုးသမီး သူနာပြုစက်ရုပ်တီထွင်
968
ရောင်နီ ( NP News ) - ဇွန် ၉
ဟောင်ကောင်တွင် လူသားစက်ရုပ် Sophia ကို တီထွင်နိုင်ခဲ့သည့် နည်းပညာအဖွဲ့က သက်ကြီးရွယ်အိုများနှင့် သီးခြားခွဲနေထိုင်ရသူ ကိုဗစ်ကူးစက်လူနာများအတွက် ကျန်းမာစောင့်ရှောက်မှု ဈေးကွက်ကို ဦးတည်ကာ “Grace” အမည်ရှိ အမျိုးသမီးသူနာပြုစက်ရုပ်ကို ထပ်မံတီထွင်လိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
အပြာရောင် သူနာပြုဝတ်စုံ၊ ဆံပင်ဂုတ်ဝဲနှင့် အာရှအသွင်ရှိသည့် “Grace” သည် သူမ၏ရင်ဘတ်တွင် ထပ်ဆင်ထားသည့် အပူချိန်တိုင်းကိရိယာဖြင့် အခြားသူ၏ ကိုယ်ပူချိန်ကို တိုင်းတာနိုင်ကာ ကျန်းမာရေးဆိုင်ရာမေးမြန်းမှုများကို အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာဖြင့် ပြန်လည်ဖြေကြားပေးနိုင်ကြောင်း သိရသည်။
စက်ရုပ်သူနာပြုသည် လူနာများဆီသွားရောက်နိုင်ပြီး ၎င်းတို့၏နေ့ရက်များကို လူမူဆက်သွယ်လှုံ့ဆော်မှုနှင့်ရွှင် လန်းစေကြောင်း၊ စကားပြောကုထုံး၊ ဇီဝဗေဒဆိုင်ရာဖတ်ရှုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ကူညီနိုင်ကြောင်း Sophia စက်ရုပ်တီထွင်နိုင်ခဲ့သည့် ဖန်တီးသူ David Hanson ၏ Hanson Robotics ဟောင်ကောင်အလုပ်ရုံက ပြောသည်။
Grace ၏ပရော်ဖက်ရှင်နယ်ကျသည့် ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်သည် ကိုဗစ်ကာလအတွင်း ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေရသည့် ကျန်းမာရေးဝန်ထမ်းများကို သက်သာစေကြောင်း၊ ကြွက်သား ၄၈ ခု၏ လှုပ်ရှားမှုနှင့်လူသားပုံစံစက်ရုပ်သည် ယုံကြည်မှုနှင့်သဘာဝထိတွေ့ဆက်ဆံမှုကို ရစေနိုင်ကြောင်း၊ Grace ကို အာရှနှင့်အနောက်တိုင်းစတိုင် ပေါင်းစပ်တီထွင်ထားပြီး ဂျပန်ကာတွန်း Anime ဇာတ်ကောင်များနှင့်အနည်းငယ်ဆင်တူကြောင်း Hanson က ပြောသည်။
Grace ၏ ဒုတိယအဆင့်စက်ရုပ်ဗားရှင်းကို သြဂုတ်လတွင် တိုးချဲ့သွားရန်ရည်ရွယ်ထားပြီး ၎င်းကိုအမြောက်အများထုတ်လုပ်ကာ နောက်နှစ်တွင် ဟောင်ကောင်အပါအဝင် တရုတ်ပြည်မကြီး၊ ဂျပန်နှင့် ကိုရီးယားတွင် အပြည့်အဝ အသုံးချရန်စီစဉ်ထားကြောင်း သိရသည်။
#NPNews