စစ်ရေးဥပဒေများကိုလိုက်နာပြီး ယောကျင်္ားဆန်ဆန် တိုက်ခိုက်ရန် စစ်ကောင်စီကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် သတိပေးစာထုတ်ပြန်

551

(NPNews) ဇွန် - ၁၃
စစ်ရေးဥပဒေများကိုလိုက်နာပြီး သတ္တိရှိရှိ၊ ယောကျင်္ားဆန်ဆန် တိုက်ခိုက်ရန် စစ်ကောင်စီတပ်ဖွဲ့ကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) က ဇွန်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သတိပေးလိုက်သည်။
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်များရှိရာ တောင်ကြားအထိ ထိုးစစ်ဆင်ပြီး စစ်ရှောင်များ၏ ရိက္ခာ၊ ဆေးဝါး၊ လူနာတင်ကားကို မီးရှိုဖျက်ဆီးခဲ့သည့်အတွက် ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ မီးရှိုဖျက်ဆီးခဲ့သည်အတွက် ရိက္ခာနှင့်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ ဖိုးကျော်နှင့် လူနာတင်ကားတစ်စီးပါ ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ ၇ ရက်က MPDF နှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ မိုးဗြဲ လွယ်ယင်းတောင်တစ်ဝိုက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လူ၊ လက်နက်ကြီးအင်အား အဆမတန်သုံးစွဲပစ်ခတ်လာသည့်အတွက် ညနေ ၅နာရီခန့်တွင် MPDF က လွယ်ယင်းတောင်ခြေမှ ယာယီတပ်ဆုတ်ပေးခဲ့ရာတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်များရှိရာ တောင်ကြားအထိ ထိုးစစ်ဆင်လာသည့်အတွက် စစ်ရှောင်ပြည်သူများက အရေးပေါ်နေရာပြောင်းရွေ့ခဲ့ရပြီး ကျန်ခဲ့သည့် စားနပ်ရိက္ခာနှင့် လူနာတင်ကားများကို မီးရှိုဖျက်ဆီးဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။