အင်္ဂလန်နိုင်ငံရှိ ကျောင်းများတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများကို ပိတ်ပင်နိုင်

 878

ရောင်နီ ( NP News ) - ဇွန် ၃ဝ
အင်္ဂလန်ရှိ စာသင်ခန်းများတွင် အသုံးမဝင်သည့် စည်းကမ်းချက်များအစား အစိုးရ၏တင်းကြပ်သည့် ကျောင်းတွင်း စည်းကမ်းချက်အသစ်များချမှတ်ခြင်း တစ်စိတ်တစ်ပိုင်းအနေဖြင့် စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းကို ပိတ်ပင်နိုင်ကြောင်း The Guardian သတင်း ဖော်ပြချက်အရသိရသည်။

ပညာရေးဝန်ကြီးဌာန အတွင်းရေးမှူး ဂါဗင်ဝီလျံဆမ်က စာသင်ကျောင်းများတွင် ကျောင်းသားများ၏ အပြုအမူနှင့် စည်းကမ်းများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးကာ လက်ကိုင်ဖုန်းများ အသုံးပြုခွင့် ပိတ်ပင်ထားချင်ကြောင်း ပြောဆိုခဲ့သည်။ "စာသင်ခန်းတွေအေးဆေးတည်ငြိမ်ဖို့နဲ့ ကူးစက်ရောဂါနဲ့ ပတ်သတ်တဲ့ ဆိုးကျိုးတွေကို ကျော်လွှားနိုင်ဖို့ ကျောင်းဖွင့်ရက်တွေမှာ မိုဘိုင်းအသုံးပြုမှုကင်းမဲ့စေလိုတယ်။ လက်ကိုင်ဖုန်းတွေဟာ အာရုံပျံ့လွင့်စေရုံတင်မက တလွဲအသုံးပြုမိရင် ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် စာ သင်နှစ် ကုန်ဆုံးတဲ့အထိ မိုဘိုင်းအသုံးပြုမှု ကင်းစင်စေလိုတယ်” ဟုပြောသည်။

ကျောင်းအုပ်ဆရာများက ၎င်း၏အဆိုကို လက်မခံပဲလက်ကိုင်ဖုန်းပေါ်လစီများသည် စာသင်ကျောင်းများအတွက် အလွန်အရေးကြီးကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ပညာရေးဝန်ကြီးဌာနအတွင်းရေးမှူးသည် အမတ်များကို ကျော ထောက်နောက်ခံပြု အလုပ်လုပ်နေကာ ကူးစက်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပညာရေးကို ပြဿနာတစ်ခုကဲ့သို့ ဆောင်ရွက်နေကြောင်း ၎င်းတို့ကစွပ်စွဲခဲ့သည်။

ဝီလျံဆမ်က စာသင်ခန်းများတွင် ကောင်းမွန်သည့် နေထိုင်မှုအလေ့အကျင့်စီမံခြင်းအပေါ် ဆရာများ၊ ကျောင်းသားမိဘများနှင့် အခြားကျောင်းဝန်ထမ်းများကို မေးမြန်းခဲ့ပြီး စာသင်ကျောင်းတိုင်းလူငယ်များ ကောင်းမွန်စွာကြီးပြင်းရှင်သန်နိုင်စေရန်နှင့် ဆရာများ အရည်အချင်း ပိုမိုထက်မြက်လာစေသည့် နေရာတစ်ခု ဖြစ်သင့်ကြောင်း၊ ကျောင်း သားများကို ကူးစက်ရောဂါဖြစ်ပွားမှု စိန်ခေါ်မှုများမှကျော်လွှားနိုင်ရန် နှင့် လူငယ်များအတွက် အခွင့်အလမ်းများကို မြှင့်တင်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန် အေးဆေးတည်ငြိမ်သည့် စာသင်ခန်းများ ဖြစ်နေရန် လိုအပ်ကြောင်း ပြောခဲ့သည်။

Association of School and College အထွေထွေအတွင်းရေးမှူး Geoff Barton က “လက်တွေ့မှာတော့ စာ သင်ကျောင်းတိုင်းမှာ လက်ကိုင်ဖုန်းအသုံးပြုခြင်းရဲ့ အားကောင်းတဲ့မူဝါဒရှိကြောင်း၊ မိုဘိုင်းလုံးဝအသုံးမပြုဘဲနေလို့မရကြောင်း၊ ပညာရေးအတွင်းရေးမှူးအနေနဲ့ ကူးစက်ရောဂါ ဖြစ်ပွားမှု နောက်ပိုင်းကာလ ပြန်လည်ထူထောင်ရေး အ စီအစဉ်တွေနဲ့ ပညာရေးဆိုင်ရာ နှောင့်ယှက်မှုတွေကို နောက်သက်တမ်းမှာ ဘယ်လိုလျှော့ချဖို့ ရည်ရွယ်သလဲဆိုတာကိုသာ ချပြသင့်ကြောင်း” ပြောသည်။

အမျိုးသားပညာရေးသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကီဗင်ကူတိုနီက “ မိုဘိုင်းဖုန်းအကြောင်း ပြောရတာ စိတ်ရှုပ်စရာပဲ၊ ယေဘုယျအားဖြင့် စာသင်ကျောင်းတွေမှာ အလွန်ရှင်းလင်းတဲ့ မူဝါဒများရှိပြီး အခြားတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ဖို့ မလိုအပ်ဘူး" ဟု ပြောသည်။
#NPNews

Related news

© 2021. All rights reserved.