ကိုဗစ်ကြောင့် ဈေးပိတ်သော်လည်း ကျောင်းမပိတ်မှု၊ ထိုင်းဘက်မှ ဝင်လာပြီး ကာစီနိုကစားသူများကို မသိကျိုးကျွန်ပြုမှုများအပေါ် မြဝတီဒေသခံများ မကျေမနပ်ဖြစ်

 707

Iris (NP News) - ဇူလိုင် ၃

ကိုဗစ်ပိုးတွေ့သောကြောင့် ဈေးကြီးတစ်ခုလုံးပိတ်လိုက်ရသော်လည်း ကျောင်းများမပိတ်ဘဲ ဆက်ရှိနေခြင်းနှင့် ထိုင်းဘက်သို့ မြန်မာများဝင်ရောက်ဖမ်းဆီးနေသော်လည်း ထိုင်းမှခိုးဝင်၍ ကာစီနိုလာကစားသောသူများကို အခကြေးငွေယူပြီး မသိကျိုးကျွန်ပြုနေခြင်းတို့အပေါ် မြဝတီဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာများ ဆက်တိုက်တွေ့ရှိလာနေခြင်းကြောင့် မြဝတီဈေးကြီးကို ယာယီပိတ်သိမ်းလိုက်ရပြီး တစ်မြို့လုံးနီးပါး အပြင်မထွက်ရသည့်သဘောမျိုး တားမြစ်မှုများစတင်ဖြစ်လာနေကြောင်း သိရသည်။ သို့သော်လည်း ယင်းကဲ့သို့ ဖြစ်နေသည့်တိုင် စာသင်ကျောင်းများကို မပိတ်ခြင်းအတွက် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ ဇူလိုင်လ(၃)ရက်တွင် အတည်ပြုပြောကြားသည်။ " ကျောင်းတွေကို မပိတ်ဘူး။ ဈေးကတော့ ပိတ်ပြီ။ ဒီကလူတွေက ဘယ်ကျေနပ်ကြမလဲ။ ဈေးပိတ်တာကို လက်ခံလို့ရပေမယ့် ကျောင်းမပိတ်တာက မဟုတ်သေးဘူးလေ " လို့ သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။ မြန်မာဘက်ခြမ်း၌ ကိုဗစ်ပိုးတွေ့မှုကြောင့် ထိုင်းဘက်ခြမ်းကလည်း အဝင်များကို လုံးဝတင်းကျပ်လိုက်ပြီး မည်သည့်အခြေအနေဖြင့် ဝင်သည်ဖြစ်စေ ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်းလည်း ဆိုသည်။ " ထိုင်းဘက်ကသာ ပိတ်တာ မြန်မာဘက်ကို အဝင်ကျတော့ သောင်ရင်းမြစ်ကနေ ခိုးဝင်နေတာပဲ။ ထိုင်းတွေက ဇလုံအကြီးကြီးတွေနဲ့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ဒီဘက်မှာ ကာစီနိုလာကစားကြတယ်။ မြန်မာဘက်က တာဝန်ရှိသူတွေ ငွေယူထားတော့ မသိချင်ယောင်ဆောင်နေကြတယ် " ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌ ထိုင်းဘက်မှ မြန်မာဘက်သို့ ဇလုံကြီးဖြင့် ကူးခတ်ဝင်လာသူ ထိုင်းနိုင်ငံသားများထဲမှ နှစ်ဦးမှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသတင်းကိုလည်း နှစ်ဖက်အာဏာပိုင်များက လာဘ်ယူထားမှုကြောင့် မသိကျိုးကျွန်ပြုထားသည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းနယ်စပ်၌ မြန်မာဘက်မှ ဝင်မည့်သူများကို တင်းကြပ်မှုများကြောင့် မြဝတီနယ်စပ်တောတွင်း၌ ရွှေ့ပြောင်းမြန်မာများ စုပြုံနေကြရပြီး မြဝတီမြို့အတွင်း၌လည်း ကိုဗစ်သတင်းကြောင့် ဒေသခံလူထုကြားတွင် စစ်ကောင်စီ၏လုပ်ဆောင်ချက်များအပေါ် မကျေနပ်မှုများ မြင့်တက်လာနေသည်ဟု ကြားသိရသည်။

Related news

© 2021. All rights reserved.