COVID-19ကာကွယ်ကုသရေးပစ္စည်းများအား ဈေးတင်ရောင်းပါက ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်သည့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်

 345

NP News - ဇူလိုင် ၆

COVID-19 ရောဂါကာကွယ်ကုသရေး ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ နှင့် စားသုံးကုန်ပစ္စည်းမျာကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းတို့ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါကာကွယ်ကုသရေး ရောဂါကာကွယ်ရေးသုံးပစ္စည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် mask(နှာခေါင်းစည်း) ဈေးနှုန်းများ ဈေးကွက်အတွင်း သိသိသာသာမြင့်တက်လာခဲ့သည်။
အဆိုပါ ဥပဒေကို ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန် စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေတွင် ကုန်စည်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့် စပ်လျဉ်း၍ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့်လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဥပဒေပါပြဋ္ဌာန်းချက်များမှ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအားအနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရနိုင်ကြောင်း သိရသည်။

တရားရုံးသည် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်း စီမံခန့်ခွဲရန်ဖြစ်စေ အမိန့်ချမှတ်နိုင်ပြီး ဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်ကြောင်း သိရသည်။

#NPNews #COVID-19 # အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ

Related news

© 2021. All rights reserved.