မက်ဆီနဲ့ ဘာစီလိုနာတို့ အံ့အားသင့်ဖွယ်လမ်းခွဲခြင်းရဲ့ နောက်ဆက်တွဲဂယက်များအပါအဝင် မက်ဆီ ရောက်နိုင်ခြေရှိတဲ့ နောက်ထပ်အသင်း သုံးသပ်ချက်ထွက်လာ
1141
မိုးတိမ် (NP News) - သြဂုတ် ၆
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်သူ မက်ဆီက ဆယ်စုနှစ်နှစ်ခုကျော် နေထိုင်ကြီးပြင်းလာတဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်ထပ်မချုပ်တော့ဘူးဆိုတဲ့ သတင်းဟာ ကမ္ဘာတစ်လွှားမှာ ထူးခြားသတင်းတစ်ခုဖြစ်လာသလို မက်ဆီရဲ့နောက်ထပ်အသင်းက ဘာဖြစ်မလဲ၊ မက်ဆီနဲ့ဘာစီလိုနာလမ်းခွဲခြင်းမှာ ဘာတွေ ရှိခဲ့လဲဆိုတာတွေက သုံးသပ်ချက်တွေ ထွက်လာပါတယ်။
နိုင်ငံတကာအားကစားမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာတော့ မက်ဆီကို ဘာစီလိုနာဘက်က စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားပေမယ့် မက်ဆီက လက်မခံတာမျိုး ဖော်ပြသလို အခြားတစ်ဖက်မှာတော့ အသင်းက မက်ဆီကို စာချုပ်တကယ်မချုပ်ချင်ဘဲ စီးပွားရေးဆန်လွန်းနေလို့ ဆိုတာတွေပါ မျိုးစုံထွက်လာပါတယ်။ “ ထူးခြားတဲ့တစ်စုံတစ်ခု ဖြစ်တော့မယ်လို့ ကျွန်တော် ခံစားမိနေတယ် ” လို့ မက်ဆီက အသင်းနဲ့ လမ်းခွဲမှုမကြေညာခင် သြဂုတ်လ(၄)ရက်မှာ ပြောခဲ့ပါတယ်။ အသင်းနဲ့သူ့ကြားမှာ ပြသနာမရှိပေမယ့် ဘုတ်အဖွဲ့နဲ့ သူ့ရဲ့ကြားမှာတော့ ညှိနှိုင်းရခက်တဲ့ဆက်ဆံရေးမျိုးတွေ ရှိနေခဲ့တာကြာပြီဖြစ်တယ်လို့လည်း မက်ဆီက ပြောပါတယ်။ အသင်းနဲ့လမ်းခွဲပြီဖြစ်ကြောင်း သြဂုတ်လ(၅)ရက်က ကြေညာလိုက်တဲ့အချိန်မှာတော့ မက်ဆီဘက်က အသံနှုတ်ဆိတ်နေခဲ့သလို ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ အသင်းပရိသတ်တွေရဲ့သိချင်စိတ်ကလည်း မြင့်တက်လာခဲ့ပါတယ်။ ပူပူနွေးနွေး ကိုပါအမေရိကဖလား ချန်ပီယံ အသက်(၃၄)နှစ်အရွယ် မက်ဆီအနေနဲ့ ဘာစီလိုနာမှာ(၂၁)နှစ်ကြာ နေထိုင်ကြီးပြင်းခဲ့ပေမယ့် ဘာစီလိုနာ ဘုတ်အဖွဲ့နဲ့ သူ့ကြားမှာ မိသားစုဆန်တဲ့ဆက်ဆံရေးထက် စီးပွားရေးဆန်တဲ့ ဆက်ဆံရေးမျိုးကို သတိပြုမိလာတယ်လို့လည်း သုံးသပ်သူအချို့က ဆိုပါတယ်။ အထူးသဖြင့် မက်ဆီအနေနဲ့ အသင်းကနေ စာချုပ်သက်တမ်းမကုန်မီမှာ ထွက်မယ်ဆိုရင် ပေါင်သန်း(၇၀၀) ပေးမှရမယ်ဆိုတဲ့ စာချုပ်မှာထည့်ချုပ်ထားခြင်းက ရောင်းကုန်တစ်ခုထက်ပိုပြီး ဈေးကွက်ဆန်နေတယ်ဆိုတာကို နားလည်ခံစားမိလာပုံရတယ်လို့ ဆိုကြတာပါ။ မက်ဆီက စာချုပ်ဆက်မချုပ်ခြင်းနဲ့ပတ်သက်ပြီး ဘာစီလိုနာဘက်က သတင်းထုတ်ပြန်ခဲ့မှုမှာတော့ အသင်းဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် မက်ဆီနဲ့စာချုပ်ချုပ်တဲ့ကိစ္စက ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါဝင်နေသလို မကြာသေးခင်ကလည်း အသင်းက လစာမြင့်တဲ့ကစားသမားတွေကို လုပ်ခလျော့ချယူဖို့ ညှိနှိုင်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် မက်ဆီကတော့ လစာထက်ဝက်လျော့ချယူရမှာဖြစ်သလို စာချုပ်အသစ်မှာလည်း စီးပွားရေးဆိုင်ရာအသေးစိတ်ဖိအားပေးထားတဲ့ အချက်အလက်တွေ ပါနေပုံရတယ်လို့ ဆိုပါတယ်။ မက်ဆီနဲ့ အသင်းရဲ့စာချုပ်ဟာလည်း ဇွန်လကုန်ကတည်းက ပြီးဆုံးသွားခဲ့ပြီဖြစ်သလို မက်ဆီကိုယ်တိုင်ကလည်း အသင်းဘုတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုတွေဟာ အသင်းပုံရိပ်ကို ကျဆင်းသထက်ကျဆင်းလာစေတယ်လို့ ယုံကြည်လာကြောင်း ဖော်ပြကြပါတယ်။
အထူးသဖြင့် မက်ဆီရဲ့အချစ်တော်သူငယ်ချင်း ဆွာရက်စ်ကို အက်သလက်တီကိုအသင်းဆီ အလွတ်ဈေးနဲ့လွယ်လွယ်ထွက်ခွင့်ပြုခဲ့တာတွေ၊ ဆွာရက်စ်က အက်သလက်တီကိုမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေဆဲ ၊ မက်ဆီနဲ့လည်း ခင်မင်ရင်းစွဲက မြင့်မားနေဆဲဖြစ်တာတွေ၊ အခြားသော အသင်းဖော်တွေတုန်းကလည်း မက်ဆီရဲ့သဘောထားကို လစ်လျုရရှုခဲ့တာတွေကြောင့် မက်ဆီဘက်ကလည်း အသင်းအပေါ်မှာချစ်မြတ်နိုးတဲ့ စိတ်နဲ့နှစ်ပေါင်းများစွာ သည်းခံနေရင်းကနေ ဘုတ်အဖွဲ့အပေါ်မှာ ဘယ်လိုမှသည်းမခံနိုင်တော့တာမျိုး ဖြစ်လာတယ်လို့ ကောက်ချက်ချကြပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ငါးနှစ်ကျော်ကနေ စတင်ပြီး အသင်းရဲ့ပုံရိပ်က ကျဆင်းလာနေသလို အခြားတစ်ဖက်မှာလည်း လုပ်ခလစာတွေက မြင့်မားမှုနဲ့အတူ ကမ္ဘာ့ကြွေးအထူဆုံးကလပ်အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်အောင်လည်း ဘုတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုက ညံ့ဖျင်းခဲ့သလို ဘာစီလိုနာရဲ့ပုံရိပ်ကတော့ ကျသထက်သာ ကျဆင်းလာနေတာပါ။ အထူးသဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီရှိနေစဉ်မှာတောင် အသင်းရဲ့ပုံရိပ်ဟာ အခြားသောအသင်းတွေအတွက် လေးစားမှုအပိုင်းမှာ ကျဆင်းစပြုနေတဲ့အတွက် မက်ဆီသာ နောက်ထပ်စာချုပ်အသစ်ကို ထပ်ပြီး မချုပ်တော့ဘူးဆိုရင် ဘာစီလိုနာဟာ လာလီဂါမှာရော ဥရောပမှာပါ သြဇာအရှိန်အဝါ ကျဆင်းလာဖို့ပဲ ရှိနေပါတယ်။ အထူးသဖြင့် မက်ဆီမရှိတဲ့ ခေတ်တစ်ခေတ်ကို ဘာစီလိုနာတို့ ဘယ်လိုပြန်လည်တည်ဆောက်မလဲဆိုတာက စိတ်ဝင်စားစရာအဖြစ် ထောက်ပြကြပါတယ်။ တစ်ချိန်ချိန်မှာ မက်ဆီက ထွက်ခွာသွားနိုင်တယ်၊ ဒါမှမဟုတ် အသက်ကြီးလာလို့ လုံးဝအနားယူသွားနိုင်တယ်ဆိုတဲ့ အချိန်မှာ ဘာစီလိုနာဘက်က မဖြစ်မနေ စဉ်းစားရမယ့်ကိစ္စဟာ ကမ္ဘာအကောင်းဆုံးကစားသမားတစ်ဦး မရှိတော့မယ့် အသင်းတစ်သင်းကို ဘယ်လိုဦးဆောင်မှုမျိုးနဲ့ ခရီးဆက်မလဲဆိုတာပါပဲ။ မက်ဆီဟာ ဇာဗီ၊ အင်နီယေစတာ မတိုင်မီ ဒေကို၊ ရော်နယ်ဒင်ဟိုတို့ ခေတ်ကတည်းက အသင်းအတွက် ကြိုးစားပေးခဲ့သူဖြစ်သလို အတွဲအညီခဲ့ဆုံး မျိုးဆက်ကစားသမားတွေ လုံးဝအနားယူသွားကြချိန်၊ အသင်းပြောင်းသွားကြချိန်မှာ အသင်းကို အတတ်နိုင်ဆုံး ပခုံးထမ်းပေးခဲ့သူလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အသင်းဘက်ကတော့ မက်ဆီဟာ ကိုင်တွယ်ရခက်ခဲတဲ့ ကစားသမားလို့ ရှုမြင်ထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ကို ကိုင်တွယ်ရခက်ခဲတယ်ဆိုတာဟာ အမှန်တရားလည်းဖြစ်သလို အသင်းဘုတ်အဖွဲ့နဲ့ မက်ဆီရဲ့ကြားမှာ မထင်မှတ်တဲ့ အားပြိုင်မှုတွေလည်း ရှိကောင်းရှိနေခဲ့လိမ့်မယ်လို့ အချို့က တွက်ဆကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီကအသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ကြေညာချက်ထွက်လာချိန်မှာ နောက်ထပ်ရောက်မယ့်အသင်းက ဘယ်အသင်းဖြစ်မလဲဆိုတဲ့ တစ်ပေးခန့်မှန်းမှုတွေ ထွက်လာပါတယ်။ ဒီစာရင်းမှာတော့ အစဉ်တစိုက်အလိုရှိနေခဲ့တဲ့ ပီအက်ဂျီက ထိပ်ဆုံးက ဦးဆောင်နေသလို ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းကလည်း ဒုတိယနေရာကနေ လိုက်နေပါတယ်။ ထူးခြားတာကတော့ မက်ဆီဟာ အသင်းနဲ့ ပြန်လည်ပြီး ညှိနှိုင်းရင်းနဲ့ စာချုပ်ပြန်ချုပ်သွားနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းကြတဲ့သူတွေ ရှိနေပါသေးတယ်။ မက်ဆီရောက်နိုင်ခြေအရှိဆုံး အသင်း(၂၀)ကို အားကစားမီဒီယာတွေက ခန့်မှန်းတွက်ချက်ပြရာမှာတော့ အစဉ်လိုက်အားဖြင့် ပီအက်ဂျီ၊ ဘာစီလိုနာ၊ မန်စီးတီး၊ အမေရိကန်လိဂ်ထဲမှအသင်းတစ်သင်း၊ Newell’s Old Boys ၊ အင်တာမီလန်၊ ချဲလ်ဆီး၊ မန်ယူ၊ ဂျုဗင်တပ်၊ အက်သလက်တီကို၊ လီဗာပူး၊ လိဒ်ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ စပါး၊ AI Sadd SC ၊ အေစီမီလန်၊ အာဆင်နယ်၊ ရီရဲလ်မက်ဒရစ်၊ အက်စတွန်ဗီလာနဲ့ အဲဗာတန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိပ်ဆုံး(၁၀)စာရင်း ပြင်ပက အသင်းတွေကိုတော့ ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်လို့ ခန့်မှန်းထားသလို ထိပ်ဆုံး(၁၀)စာရင်းကလည်း မက်ဆီစိတ်ကြိုက်တွေ့ပါ့မလားဆိုတာကို မှန်းရခက်တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အားလုံးထဲမှာတော့ မက်ဆီရဲ့တွဲဘက်ဟောင်း နေမာလ် ရှိနေတဲ့ ပီအက်ဂျီက ဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် စာရင်းဝင်နေသလို ပီအက်ဂျီရဲ့ငွေသုံးနိုင်အားနဲ့ ချန်ပီယံလိဂ်ရည်မှန်းချက်က ကြီးမားလွန်းနေတာကြောင့် သုံးသပ်မှုက နီးစပ်နေတာပါ။ မန်စီးတီးကလည်း ချန်ပီယံလိဂ်ဖလားအိပ်မက်အတွက် မက်ဆီလိုကစားသမားမျိုးကို အသင်းရဲ့လူအင်အားစာရင်းမှာ ပေါင်းထည့်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် စီမံကိန်းရှိနေခဲ့တာ ကြာပြီပဲ ဖြစ်ပါတယ်။