ရထားပေါ်မှာ အမျိုးသမီးတစ်ဦး နေ့လယ်ပိုင်းကြီး အဓမ္မပြုကျင့်ခံရမှုကြောင့် အမေရိကန်မှာလည်း လုံခြုံမှုကိစ္စ မေးခွန်းထုတ်ခံနေရ

989

မိုးတိမ် (NP News) - အောက်တိုဘာ ၁၇
အမေရိကန် ပင်ဆန်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားက မြို့ပတ်ရထားပေါ်မှာ ရဲတွေရှိနေတဲ့ကြားကနေ အမျိုးသမီးတစ်ဦး နေ့လယ်ပိုင်းမှာပါ အတင်းအဓမ္မပြုကျင့်ခံရပြီး လုံခြုံမှုမရှိတဲ့ဘဝကို ခံစားနေရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြလာပါတယ်။
အမေရိကန်သတင်းဌာန Fox ရဲ့ဖော်ပြချက်မှာတော့ ဖီလာဒဲလ်ဖီးယားဆင်ခြေဖုံးရပ်ကွက်မှာ ပြေးဆွဲနေတဲ့ရထားကို အသုံးပြုသွားလာသူအမျိုးသမီးတစ်ဦးက အောက်တိုဘာ(၁၆)ရက်က အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး ဘူတာတစ်ခုကနေ နောက်တစ်ခုကိုရောက်မှသာ ရဲတွေက ကယ်တင်ပေးနိုင်ခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အသက်(၃၅)နှစ်အရွယ် Fiston Ngoy လို့အမည်ရတဲ့ အမျိုးသားဟာ အမည်ဖော်ပြမထားတဲ့အမျိုးသမီးကို ၆၉ လမ်း ရထားဘူတာရုံကနေ ရထားထွက်လာချိန်မှာပဲ အတင်းအကြပ်အဓမ္မပြုကျင့်ခဲ့တာမျိုးဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရထားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ဘူတာမှာရှိတဲ့ရဲအချို့က မြင်ခဲ့ပေမယ့် သာမန်ကိစ္စတစ်ခုလိုမျိုး ကနဦးပိုင်းက လစ်လျုရှုခဲ့ကြတာမျိုးဖြစ်ပြီး အမျိုးသမီးဘက်ကလည်း တစ်ခုခုလုပ်ပေးကြဖို့ အော်ဟစ်အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရထားထဲမှ မမှန်ကန်တဲ့ဖြစ်စဉ်တစ်ခုခု ဖြစ်နေပြီလို့ ရဲကြီးကြပ်ရေးမှူး တီမိုသီ ဘန်းဟတ်ကို ၆၉ လမ်းဘူတာရုံဆီကနေ ဖုန်းခေါ်ဆိုသတိပေးမှု လုပ်ခဲ့တဲ့အတွက် ရထားပေါ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တက်ရောက်ရှာဖွေခဲ့တာမှာပဲ အဓမ္မပြုကျင့်သူကို ဖမ်းဆီးနိုင်ခဲ့တာမျိုးဖြစ်တယ်လို့ သိရပါတယ်။ “ တကယ့်စိတ်ဓါတ်မာကျောတဲ့အမျိုးသမီးပဲဗျ။ သူ့အနေနဲ့ ဒီအဖြစ်ဆိုးကို ကျော်ဖြတ်နိုင်ပါလိမ့်မယ် ” လို့ ရဲအရာရှိက မီဒီယာတွေကို အကြမ်းဖျင်းဖြေကြားပြီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဘက်က သာမန်ဖြစ်စဉ်လိုမျိုးသဘောထားပြီး ပြောဆိုလာမှုတွေကြောင့် ဒေသခံပြည်သူတွေကြားမှာ လုံခြုံမှုကင်းမဲ့နေပြီလားလို့ မေးခွန်းထုတ်ခံရမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် ရဲအရာရှိတွေဘက်က ပြောဆိုထားချက်ဖြစ်တဲ့ ရထားပေါ်ကလူတွေအနေနဲ့ ဘေးနားမှာ အန္တရာယ်တစ်စုံတစ်ရာ မြင်တွေ့နေရချိန်မှာ အချင်းချင်း ဝိုင်းဝန်းကူညီတာမျိုး၊ ရဲတပ်ဖွဲ့ဆီ ဆက်သွယ်အသိပေးတာမျိုးကို တာဝန်သိသိလုပ်သင့်တယ်ဆိုတဲ့ စကားတွေကြောင့်လည်း ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရသူအမျိုးသမီးက ရထားရဲတွေကို မြင်သာအောင် အကူအညီလှမ်းတောင်းခဲ့ပေမယ့် သာမန်ဖြစ်စဉ်လိုမျိုး လစ်လျုရှုခဲ့တာကို ဖုံးကွယ်ဖို့အတွက် ရဲတွေက ဝေ့လည်ကြောင်ပတ်စကားမျိုးပြောတယ်လို့ ဒေသခံပြည်သူတွေက ရှုမြင်ထားကြတာပါ။ အဓမ္မပြုျကျင့်ခဲ့တဲ့အမျိုးသားကိုတော့ အဓမ္မပြုကျင့်မှုအပါအဝင်၊ အမျိုးသမီးတစ်ဦးအပေါ် ထိခိုက်နာကျင်စေမှုလည်း ပါဝင်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။