ကိုဗစ်ကာလအတွင်း တစ်ရက်(၁၈)ဦးနှုန်းထက်မနည်းသတ်သေမှုတွေဖြစ်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေ စိုးရိမ်စိတ်မြင့်တက်

403

မိုးတိမ် (NP News) - အောက်တိုဘာ ၁၈
ကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုပျမ်းမျှအားဖြင့် တစ်ရက်ကို(၁၈)ဦးထက်မနည်းရှိခဲ့ပြီး သတ်သေမှုနှုန်းမြင့်တက်လာခဲ့တာကြောင့် နှစ်သိမ့်ဆွေးနွေးစည်းရုံးမှုတွေ စနစ်တကျလုပ်ဆောင်ဖို့အတွက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနဘက်က ပြင်ဆင်နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်ဟာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလောက်ကနေ ၂ဝ၂၁ ခုနှစ် အောက်တိုဘာအထိဆိုရင် တစ်နှစ်ကျော်ကြာအောင် ထိုင်းလူထုကို စိတ်သောကတွေပေးခဲ့ပြီးပြီဖြစ်တဲ့အတွက် ဒီကြားကာလတွေအ တွင်း စိတ်သောကမျိုးစုံကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသူတွေက မြင့်တက်လာခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုဗစ်အတွင်းမှာ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုမပြည့်ဝခြင်း၊ ငွေကြေးအခက်အခဲပြသနာနဲ့ စားနပ်ရိက္ခာမလုံလောက်မှု၊ လူမှုစီးပွားဘဝမလုံခြုံမှုအပါ အဝင် လူသားတစ်ဦးချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာပြသနာတွေကိုပါ တွန်းပို့အရှိန်မြင့်ပေးခဲ့သလို ဖြစ်သွားတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနဘက်က လေ့လာနိုင်ခဲ့တာပါ။
ဝန်ကြီးဌာနဘက်က စာရင်းအရဆိုရင် ၂ဝ၁၈ ခုနှစ်က ကိုယ့်ကိုယ်ကိုသတ်သေသူစာရင်းဟာ လူဦး ရေ(၅၇၆၈)ဦးရှိခဲ့ပြီး ၂ဝ၁၉ မှာတော့(၅၈၇ဝ)ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၂ဝမှာတော့ သတ်သေသူဟာ (၆၅၉၇)ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၂၁ ခုနှစ်အတွက် စာရင်းတွေထွက်မလာသေးခင်မှာတောင် သတ်သေမှုနှုန်းကမြင့်တက်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက စိုးရိမ်တကြီးနဲ့သေချာစွာဆန်းစစ်လေ့လာမှုတွေလုပ်ဆောင်လာတာမျိုးဖြစ်ပါတယ်။ “ သတ်သေချင်တဲ့စိတ်ဆန္ဒတွေဟာ မြင့်မားလာခဲ့မှုနဲ့အတူ တစ်နှစ်အတွင်းမှာပဲ သတ်သေမှုနှုန်းကလည်း မြင့်မားသွားခဲ့ပါတယ် ” လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကညွှန်ချုပ် ဒေါက်တာအမ်ဖွန်ဘင်ဂျာပွန်ဖီသစ်က ပြောပါတယ်။
၂ဝ၂ဝ ပြည့်နှစ်ကစာရင်းအရဆိုရင် လူတစ်သိန်းမှာ(၁ဝ)ဦးနှုန်းထက်မနည်း သတ်သေသွားကြတာမျိုးဖြစ်ပြီး တစ်ရက်ကို(၁၈)ဦးနှုန်းနဲ့နိုင်ငံတစ်ဝန်းမှာ သတ်သေနေကြတာမျိုးဖြစ်တယ်လို့ဆိုပါတယ်။ ဒီကိန်းဂဏန်းက ရုတ်တရက်ကြည့်ရင် ဘာမှမဟုတ်လောက်ဘူးထင်ရပေမယ့် ထိုင်းပြည်သူတွေကြား မှာ စိတ်ကျရောဂါလိုမျိုး၊ တစ်ကိုယ်ရည်စိတ်ဓါတ်ကျဆင်းမှုကနေ သတ်သေချင်တဲ့စိတ်တွေမြင့်မားလာတာက ကောင်းမွန်တဲ့လက္ခဏာမဟုတ်ဘူးလို့ ဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဒါကြောင့်လည်း လူထုကိုစည်းရုံးဆွေးနွေးနှစ်သိမ့်တဲ့နည်းလမ်းနဲ့ သေသေချာချာစောင့်ကြည့်ထိန်းကျောင်းမှုတွေ လုပ်သွားမယ်လို့လည်းဆိုပါတယ်။
စင်ကာပူသတင်းဌာန CNA ရဲ့ဖော်ပြချက်အရ ထိုင်းပြည်သူ (၂၄ဝဝဝဝ) ကျော်ကို စစ်တမ်းကောက် ယူကြည့်ရာမှာ နှစ်သိန်းကျော်ကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ကျဆင်းမှုတွေဖြစ်ပေါ်နေပြီး
(၁၃ဝဝဝဝ) ကျော်ကတော့ ဆိုးသထက်ဆိုးလာရင် သတ်သေချင်စိတ်ပါဖြစ်တယ်လို့ ဖြေဆိုထားကြကြောင်း တွေ့ရပါတယ်။
#NPNews