ယူကရိန်းကိုတိုက်ခိုက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြိုတင်အသိပေးခဲ့တာမျိုးမရှိဟု ရုရှား သမ္မတပူတင်ပြော

 451

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃ဝ

ရုရှား သမ္မတပူတင်က ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မယ့်အကြောင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အသိပေးပြောဆိုခဲ့တာမျိုးမရှိခဲ့ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှား နဲ့တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံးဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံများဖြစ်ပြီး တရုတ်အစိုးရဟာ ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိတဲ့ နိုင်ငံဖြစ်ကြောင်း ရုရှားသမ္မတကပြောပါတယ်။

ရုရှားသမ္မတပူတင်က " ယူကရိန်းကို တိုက်ခိုက်မယ့်အကြောင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြိုပြောခဲ့တာမျိုးမရှိသလို ပြောစရာလည်းအကြောင်းမရှိဘူး။ ရုရှားနဲ့ တရုတ်တို့ ဟာအချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တယ်" လို့ပြောပါတယ်။ ယူကရိန်းကို ရုရှားတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုမလုပ်ခင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင် နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

ရုရှား သမ္မတပူတင်က " တရုတ်ခေါင်းဆောင်ဟာအခြားသူတွေကို စော်ကားလိုတဲ့ လူမျိုးမဟုတ်ဘဲ ကမ္ဘာ့အဆင့်ရှိ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ တရုတ်ခေါင်းဆောင်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ လက်တွေ့ကျကာ မျှတတဲ့အဖြေမျိုးရအောင် ရပ်တည်သူဖြစ်တယ်။ ကျွန်တော်ဟာ ဒီလိုမျိုးရပ်တည်မှုမျိုးကို လေးစားပါတယ်" လို့ပြောပါတယ်။
ယူကရိန်းကို ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့

အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ဖို့ တရုတ်ကို ဖိအားပေးခဲ့ပေမယ့် တရုတ်အစိုးရဟာ အဆိုပါ ဖိအားတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ တရုတ်အစိုးရက ၎င်းတို့အနေနဲ့နိုင်ငံတကာ ဥပဒေများကိုအခြေမခံဘဲ တစ်ဖက်သတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကြောင်း ပြောဆိုပြီး အနောက်အုပ်စုရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။အမေရိကန်က တရုတ်နိုင်ငံအနေနဲ့ ရုရှားကို စစ်ရေးနဲ့အခြား ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ခဲ့မယ်ဆိုရင် အကျိုးဆက်များရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။

Related news

© 2021. All rights reserved.