အစ္စရေး-ဟားမက်စ်စစ်ပွဲ၏ အိန္ဒိယ-အရှေ့အလယ်ပိုင်းစင်္ကြန်လမ်းစီမံကိန်းအပေါ် ဂယက်ရိုက်မှု

 605

ALynn (NP News) - ဖေဖော်ဝါရီ ၂၈

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက နယူးဒေလီတွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယ-အရှေ့ အလယ်ပိုင်း-ဥရောပ စင်္ကြန်လမ်း (IMEC) အကျိုးတူစီမံကိန်းတစ်ခုကို အိန္ဒိယက စတင်မိတ်ဆက်ခဲ့သည်။

အီးယူနှင့် အရှေ့အလယ်ပိုင်းခေါင်းဆောင်များက IMEC သည် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း၊ ဥရောပတို့ကို ချိတ်ဆက်ပေးသွားမည့်သင်္ဘောနှင့် ရထားလမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတဘိုင်ဒင်က IMEC သည် အခွင့်အလမ်း များစွာ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌကလည်း IMEC သည် တိုက်ရိုက်ဆက်သွယ်နိုင်မည့်လမ်းကြောင်းဖြစ်လာနိုင်ကြောင်းနှင့် ဝန်ကြီးချုပ်မိုဒီကမူ IMEC သည် နှစ်ပေါင်းများစွာမျှော်မှန်းထားသည့် ကမ္ဘာ့ကုန်သွယ်ရေး၏ အခြေခံအုတ်မြစ် ဖြစ်လာမည်ဖြစ်ကြောင်း အသီးသီးဖော်ပြခဲ့ကြသည်။

သို့သော် အစ္စရေး-ဟားမက်စ်စစ်ပွဲအပါအဝင် ပင်လယ်နီအတွင်း ဟူသီတို့၏တိုက်ခိုက်မှုများကြောင့် IMEC ၏ ရှေ့လုပ်ငန်းစဉ်များမှာ နှောင့်နှေးကြန့်ကြာလျက်ရှိပြီး စီမံကိန်း၏ အလားအလာသည်လည်း မရေမရာဖြစ်လာ သည်။ ထို့ကြောင့် IMEC ၏ ရည်မှန်းချက်များသည် အရှေ့အလယ် ပိုင်းဒေသ ငြိမ်းချမ်းရေးအပေါ်များစွာ တည်မှီ နေသည်။ ထို့ပြင် ဂါဇာစစ်ပွဲနှင့် ပတ်သက်၍ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့က အစ္စရေးအပေါ် တင်းမာမှုများ ရှိလာခြင်းကြောင့် အာရပ်နိုင်ငံများနှင့် အစ္စရေးအကြားဆက်ဆံရေးမှာ တဖြည်းဖြည်းဆိုးရွားလာခဲ့ သည်။

ဂါဇာစစ်ပွဲ ပြီးဆုံးသည်နှင့် ဆော်ဒီအာရေဗျက အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လုပ်ရန် မကြာသေးမီက ပြောကြားခဲ့သော်လည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မှသာ ထိုသို့လုပ်ဆောင်မည့်အလားအလာရှိနေသည်။ IMEC စီမံကိန်းအတွက် လုံခြုံရေးခြိမ်းခြောက်မှုများသည် အစ္စရေး-ဟားမက်စ်စစ်ပွဲတစ်ခုတည်းတင်မဟုတ်ဘဲ ပင်လယ်နီအတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ်များစွာ ထိခိုက်နစ်နာစေသည်။ IMEC စီမံကိန်းသည် ပင်လယ်နီကို ဖြတ်သွားရန် မရည်ရွယ်သော်လည်း အိန္ဒိယသို့သွားမည့် ပင်လယ်ရေ လမ်းကြောင်းမှာ ဟောမုတ်ဇ် ရေလက်ကြားကို ဖြတ်သွားရန်လိုအပ်နေသည်။ ၎င်းရေလက်ကြားသည် အီရန်၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသည့်အတွက် ထိလွယ်ရှလွယ်ဖြစ်နိုင်သည်။

Related news

© 2021. All rights reserved.