အင်းစိန်မြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား

 488

နာမူ (NP News) - နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ် မီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၁၆ ရက်) ညနေ ၅ နာရီ ၂၄ မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်းရှိ ဂေါက်သီးလုံးမီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မောင်းနေတုန်းမှာ အင်ဂျင်မီးပွားထွက်တာကို မရပ်ပဲနဲ့ ဆက်မောင်းလိုက်တာ။ အဲဒီမှာ အထဲမှာဖြစ်နေတဲ့ ဝါယာကြိုး တွေက အပူလွန်ပြီး ပျော်ကုန်တာ၊ ပျော်ပြီး ပူးကပ်ကုန်ရာကနေ လောင်ကုန်တာ” ဟု အင်းစိန်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါယာဉ်သည် မင်္ဂလာဒုံမြို့နယ်ဘက်မှ အင်းစိန်မြို့နယ်ဘက်သို့ မောင်းနှင်လာသော TOYOTA RAV-4 အမျိုးအစား ယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။
ကားမီးလောင်မှုတွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း မီးသီး နှစ်လုံး၊ လေကာမှန် နှင့် ဒက်ရှ်ဘုတ်တို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကို အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့်နိုဝင်ဘာလ ၇ ရက်ကလည်း မွန်ပြည်နယ်၊မော်လမြိုင်မြို့ မင်းသန့် စက်သုံးဆီဆိုင်အရောင်းဆိုင် တစ်ဆိုင်တွင် ဆီဘောက်ဆာကားမီးလောင်မှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့ဝင် နှင့် ပရဟိတအသင်းသား များ အပါအဝင် (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Related news

© 2021. All rights reserved.